ဖိအားပေးခြိမ်းခြောက်မှုမရှိဘဲ ပြည်သူတို့၏ ဆန္ဒအတိုင်း ခွင့်ပြုမည်ဆိုလျှင် တရားမဝင်ရွေးကောက် ပွဲတွင် မဲပေးမည့်သူနည်းမှာ ဖြစ်ကြောင်း Data for Myanmar ၏ အစီရင်ခံစာက ဆိုသည်။
Data for Myanmar က ယနေ့(ဒီဇင်ဘာ၄ရက်)ထုတ်ပြန်လိုက်သော “၂၀၂၅ရွေးကောက်ပွဲအကြို ကာလ အခြေအနေသုံးသပ်ချက်”အစီရင်ခံစာတွင် အထက်ပါအတိုင်း ဖော်ပြထားသလို ပြည်သူအများစုက ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု နည်းပါးကြောင်းလည်း ဆိုသည်။
“မဲပေးသူရာခိုင်နှုန်းနည်းခဲ့ရင် ပုံသေမဲပေးသူဦးရေများတဲ့ ကြံ့ခိုင်ရေးပါတီက အသာစီးရနိုင်ပါတယ်။ တကယ်လို့ မဲပေးသူရာခိုင်နှုန်းများခဲ့ရင်တော့ ကျန်တဲ့ပါတီတွေလည်း အနိုင်ရနိုင်ခြေ ပိုများလာမှာ ဖြစ်ပါတယ်”ဟု Data for Myanmar ၏ အစီရင်ခံစာက ဆိုသည်။
တရားမဝင်ရွေးကောက်ပွဲဝင်ကြမည့် နိုင်ငံရေးပါတီများ ကြုံနေရသည့် စိန်ခေါ်မှုမှာ ရွေးကောက်ပွဲကို လူထုစိတ်ဝင်စားမှုနည်းခြင်းနှင့် မဲပေးမည့်သူ နည်းနိုင်ခြင်းတို့ဖြစ်ကြောင်း ထို့ကြောင့် နိုင်ငံရေးပါတီ များအနေနှင့် မိမိပါတီ အနိုင်ရရှိရေးထက် ပြည်သူများ မဲလာပေးကြရန် အရင်စည်းရုံးနေရကြောင်း လည်း ဆိုသည်။
မင်းအောင်လှိုင်၏ နိုဝင်ဘာ၂၃ရက်၊မအူပင်ခရီးစဉ်တွင် မဲပေးခြင်း၊မပေးခြင်းသည် မဲဆန္ဒရှင်တို့၏ ဆန္ဒပင် ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
“ရွေးကောက်ပွဲကာလမှာ ပြည်သူတွေအနေနဲ့ သူတို့စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးခြင်း၊မပေး ခြင်း လုပ်လို့ရမလား။မဖြစ်မနေ မဲလာပေးဖို့ ဖိအားပေးတာတွေ ရှိလာမလား။မဲမပေးရင် နောက် ဆက်တွဲအကျိုးဆက်တွေ ရှိလာမလားဆိုတဲ့ အချက်တွေကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်”ဟု အစီရင်ခံစာက ဆိုသည်။
လက်ရှိအခင်းအကျင်းအရ ကြံ့ဖွံ့ပါတီက အမတ်နေရာအများစု အနိုင် ရမည်ဟု မျှော်လင့်ထားကြပြီး ဖြစ် ကြောင်း လည်း ဆိုသည်။
“၂၀၂၅ရွေးကောက်ပွဲမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှု၂ခုကတော့ လုံခြုံရေးစိုးရိမ်ရလို့ ရွေးကောက်ပွဲမ ကျင်းပနိုင်တာနဲ့ ကျင်းပလို့ရတဲ့နေရာတွေမှာ မဲလာပေးတဲ့သူ နည်းတာပဲဖြစ်ပါတယ်။ အဲဒီအချက် နှစ်ချက်စလုံးကလည်း ရွေးကောက်ပွဲဝင်ကြမယ့် နိုင်ငံရေးပါတီတွေကြောင့် ဖြစ်လာတာမဟုတ်သ လို မဲဆန္ဒရှင်ပြည်သူတွေကြောင့် ဖြစ်လာတာလည်း မဟုတ်ပါဘူး။အဓိက အကြောင်းရင်းကတော့ ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းပြီး အာဏာသိမ်းလိုက်လို့ ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ပဲဖြစ် ပါတယ်”ဟု အစီရင်ခံစာကဆိုသည်။
ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် အစိုးရအဖွဲ့တွင် ဗိုလ်ချုပ် ဟောင်းများထဲမှ သမ္မတ၊ ဒုသမ္မတနှင့် လွှတ်တော်ဥက္ကဌရာထူးများ ဆက်ခံလာနိုင်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးနေရာများကိုလည်း ၎င်းတို့သာ ရရှိနိုင်ကြောင်း ဆိုသည်။
