အီရန်၏ အဆင့်မြှင့်တင်ထားသော Shahed ဒရုန်းများကို ရုရှားရရှိ

ဓာတ်ပုံ-Eurasian Times
ပုံစာ- အီရန်စစ်တပ်၏ Shahed-136 ဒရုန်းများကို စမ်းသပ်ပစ်လွှတ်ခြင်း မပြုလုပ်မီတွေ့ရစဉ်။

The National Interest

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံအပေါ် ထိုးစစ်ဆင်ရာတွင် အီရန်နိုင်ငံထုတ် Shahed ဒရုန်းများကို ပိုမိုအသုံးပြုလာသည်။

ယခုသီတင်းပတ်အတွင်း လူမှုကွန်ရက် မီဒီယာတွင် ပျံ့နှံ့နေသော ရုပ်သံမှတ်တမ်းများတွင် R-60 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည် တပ်ဆင်ထားသည့် Shahed-160 မောင်းသူမဲ့ လေယာဉ် (UAV) ကို လေထဲတွင် ကြားဖြတ်ဖျက်ဆီးခဲ့ပုံကို တွေ့မြင့်ရသည်။

ယူကရိန်း၏ Sternenko Community Foundation မှ ထုတ်ပြန်ခဲ့ပြီး The War Zone မှ လေ့လာဆန်းစစ်ခဲ့သည့် ဗီဒီယိုတွင် အဆိုပါ ဒရုန်းကို ယူကရိန်း၏ Sting ဒရုန်းတိုက်ဖျက်ရေး ကြားဖြတ်ဒုံးကျည်ဖြင့် ဖျက်ဆီးခဲ့သည်ကို မြင်တွေ့ရသည်။

အပျက်အစီးများ၏ ရုပ်ပုံများအရ ဒုံးကျည်ကို ဒရုန်း၏ ဦးပိုင်းတွင် တပ်ဆင်ထားသည့် ပစ်လွှတ်ရန် စင်ပေါ်တွင် တပ်ဆင်ထားသည်ဟု ယူဆရသည်။

ကြားဖြတ်ဖျက်ဆီးမှုခံရသော်လည်း Shahed ဒရုန်းများသည် ရုရှား၏ တိုက်ခိုက်မှု မဟာဗျူဟာတွင် အဓိကနေရာမှ ဆက်လက်ပါဝင်နေဆဲဖြစ်သည်။

အီရန်က ရိုးရိုးရှင်းရှင်း ဒီဇိုင်းထုတ်ထားသည့် အဆိုပါ ဒရုန်းသည် ပစ်မှတ်မတိုက်ခိုက်မီ ဝေ့ဝိုက်ပျံဝဲနိုင်စွမ်းရှိသော “ကာမီကာဇေ” ဒရုန်းဟု ခေါ်ဆိုသည့် Shahed-136 သည် ရုရှား၏ စစ်ဆင်ရေး၌ အကျယ်ပြန့်ဆုံး အသုံးပြုသည့် လက်နက်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးဗဟိုဌာန (Center for Strategic and International Studies) မှ လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက်အရ ရုရှးသည် ပဋိပက္ခစတင်ချိန် အစောပိုင်းတွင် တစ်ပတ်လျှင် အီရန်ဒရုန်း အကြိမ် ၂၀၀ ခန့်သာ ပစ်လွှတ်ခဲ့ရာမှ ၂၀၂၅ ခုနှစ် အစောပိုင်းတွင် တစ်ပတ်လျှင် အကြိမ် ၁,၀၀၀ ကျော်အထိ တိုးချဲ့အသုံးပြုခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ရုရှားကိုယ်စားလှယ်အဖွဲ့က အီရန်၏ ကာရှန်လေတပ်စခန်း၌ ဒရုန်းများကို ကြည့်ရှုနေသည့် ဓာတ်ပုံများ ထုတ်ပြန်ခဲ့ပြီး စိုးရိမ်ပူပန်မှုများကို စတင်ဖော်ပြခဲ့သည်။

အီရန် သည် ရုရှားသို့ လက်နက်များ ထောက်ပံ့ပေးမှုကို စတင်တွင် ငြင်းဆိုခဲ့သော်လည်း၊ ကီယက်မြို့တွင် ပြန်လည်တွေ့ရှိခဲ့သော အပျက်အစီးများသည် အီရန်နိုင်ငံထုတ် စနစ်များ အသုံးပြုနေခြင်းကို အတည်ပြုခဲ့ပြီးဖြစ်သည်။

အီရန်နှင့် ရုရှားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ၊ နောက်ထပ် ပေးပို့မှုများနှင့် ဗားရှင်းအသစ်များ ပေါ်ပေါက်လာနိုင်ဖွယ်ရှိကြောင်း ယူကရိန်းအရာရှိများက သတိပေးပြောကြားခဲ့သည်။