ရန်ကုန်မြို့တွင် တစ်လတာအတွင်း လူ၁၁၄ဦးကို စစ်ကော်မရှင်က မတရားဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network –RSN က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာလအတွင်း ယင်းဖမ်းဆီးခံရသူ ၁၁၄ ဦးအနက် ၄၃ ဦးကိုစစ်တပ်က ပြန်လွှတ်ပေးခဲ့ကြောင်း သိရပြီး ၂၀ ကို စစ်မှုထမ်းသင်တန်းကျောင်းများနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကာ ကျန် ၅၁ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအခြေအနေကိုမူ မသိရှိရသေးဟု RSN ၏ ဒီဇင် ဘာ၄ရက်ည ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ရန်ကုန်မှာ ဖမ်းနေတာ အခုစာရင်းထက် ပိုများပါတယ်။နိုင်ငံရေးတို့ ဖောက်ခွဲမှုတို့ကလွဲပြီး ကျန်တာ ဘာမှုနဲ့ဖမ်းဖမ်း အရွယ်ကောင်း ယောကျာ်းလေးတွေဆိုရင် စစ်မှုထမ်းထဲကို ရဲတွေရော အုပ်ကြီးတွေ ရော ပို့ပါတယ်။ဘာလို့လဲဆိုတော့ တစ်ယောက်ပို့ရင် ၁၀သိန်းလောက် ရကြလို့ပါ”ဟု ရန်ကုန်မြို့ ရဲ သတင်းရင်းမြစ်က MPAသို့ပြောသည်။
ဖမ်းဆီးခံရသူ ၁၁၄ဦးထဲတွင် လမ်းမပေါ်သွားလာနေစဉ်နှင့် လမ်းဘေးထိုင်နေစဉ် အဖမ်းခံရသူ ၃၁ဦး ရှိပြီး လမ်းခရီးသွားလာနေစဉ်နှင့် ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၄၄ဦးရှိကြောင်း RSN က ထုတ်ပြန် သည်။
“လမ်းထိပ်မှာ အမှိုက်ထွက်ပစ်တာတောင် လှည့်ကင်းကားနဲ့ တိုးပြီး အဖမ်းခံရပြီး ပိုက်ဆံပေးမှ ပြန် လွတ်တာမျိုးတွေတောင် ရှိနေတော့ ညဘက် အပြင်မထွက်ကြပါနဲ့။ကိုယ့်အနီးအနားမှာ ဖြစ်နေတာ မဟုတ်လို့ မယုံဘူး၊ဟုတ်ပါ့မလားဆိုပြီး ပေါ့မနေကြပါနဲ့။တကယ်ဖြစ်နေတာတွေပါ”ဟု လှိုင်မြို့နယ်၊ ၂ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။
နိုဝင်ဘာလအတွင်း မဲဆွယ်ဆိုင်းဘုတ်ဖျက်ဆီးသည်ဟုဆိုကာ ဖမ်းဆီးခံရသူ ၆ဦးရှိပြီး ဆိုရှယ်မီဒီယာ ပေါ် ရွေးကောက်ပွဲကို ဝေဖန်သည်ဟု ဆိုကာ ဖမ်းဆီးခံရသူ ၄ဦးရှိကြောင်းလည်း RSN က ဆိုသည်။
စာတည်း-ML
