လွတ်ငြိမ်းခွင့်ရခဲ့သည့် နိုင်ငံရေး အကျဉ်းသူများအနက် အယောက် ၃၀ ခန့်ပြန်လည် ဖမ်းဆီးခံရကြောင်း သိရသည်။
နိုဝင်ဘာ ၂၇ ရက် လွတ်ငြိမ်းခွင့်ထဲတွင် နိုင်ငံရေးအကျဉ်းသူ ၁၇၅ ဦး လွတ်မြောက်လာခဲ့ပြီးနောက် အယောက် ၃၀ ဝန်းကျင်ကို စစ်ကော်မရှင်က ပြန်လည် ဖမ်းဆီးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသူများ အဖွဲ့ (WOPP)ထံက သိရသည်။
“နေအိမ်ရောက်ပြီးမှ ခံဝန်ထိုးဖို့ လာခဲ့ပါဆိုပြီး နောက်အမှုကပ် ပြန်ဖမ်းတာမျိုးတွေပါ။ မြင်းခြံ၊ သရက်၊ ဒိုက်ဦး စတဲ့ လွတ်လာတဲ့ ဒေသအစုံကပါပဲရှင် “ဟု နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP)မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
စစ်တပ်သည် နိုင်ငံရေး အကျဉ်းသူများကို အကြမ်းဖက်တိုက်ဖျက်ရေး ပုဒ်မများဖြစ်သည့် ၅၂(က)နှင့် ၅၀(ည)တို့အပြင် ၁၇(၁) ပုဒ်မတို့ဖြင့် ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသူအများစုသည် အသက် ၂၀ မှ ၄၀ ဝန်းကျင် အရွယ်များဖြစ်ကြောင်း သိရသည်။
“ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ မိမိတို့ လုံခြုံရေးကို အထူးဂရုစိုက်ကြဖို့နဲ့ ပတ်ဝန်းကျင်အခြေအနေကို အမြဲမပြတ် လေ့လာကြစေလိုပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ဒီဇင်ဘာ ၃ ရက် ညနေပိုင်းတွင်လည်း မြင်းခြံထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူ မပိုးပီတိခိုင်ကို မန္တလေးမြို့ ၊ အောင်ပင်လယ် ရဲစခန်းတွင် ပြန်လည် ဖမ်းဆီးခဲ့သေးသည်။
နိုဝင်ဘာ ၂၇ ရက်က စစ်ကော်မရှင်မှ ၅၀၅-က ပုဒ်မများကို လွတ်ငြိမ်းခွင့်ပေးရာ ဒီဇင်ဘာ ၄ ရက်အထိ နိုင်ငံရေး အကျဉ်းသူ၊ အကျဉ်းသား စုစုပေါင်း ၉၁၁ ဦးလွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်၏ စာရင်းများအရသိရသည်။
စာတည်း-ML
