တောင်ကိုရီးယားနိုင်ငံ၊ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးသို့ ယနေ့တွင် ကြိုတင်မဲ လာပေးသူ ၁၅ဦး ထက်မပိုကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများကို ဒီဇင်ဘာ ၆ရက်နှင့် ၇ရက်တို့တွင် တရားမဝင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲလာပေးရန် စစ်ကော်မရှင်သံရုံးက ထုတ်ပြန်ထားခြင်းဖြစ်ပြီး ယနေ့ (ဒီဇင်ဘာ၆ရက်)တစ်နေကုန်၌ လာချိုးရေ၍ ရသော လူအရေအတွက်သာ လာကြောင်း ရွေးကောက် ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီဝင် ဦးကျော်ဆန်းက ပြောသည်။
“တစ်နေကုန်ပေါင်းလို့ ၁၀ယောက်၊၁၅ယောက်ထက် ပိုရှိနိုင်မှာမဟုတ်ပါဘူး”ဟု ဦးကျော်ဆန်းက MPAသို့ပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ဗီဇာမျိုးစုံဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၆သောင်းကျော်ရှိ ကြောင်း သိရသည်။
“ပြည်သူတွေ လုံးဝသပိတ်မှောက်ထားတာကတော့ မြင်တဲ့အတိုင်းပဲ”ဟု စစ်ကော်မရှင်သံရုံး ရှေ့တွင် ပြောင်ရှင်းနေသော မြင်ကွင်းမှတ်တမ်းဓာတ်ပုံနှင့် ရုပ်သံဖိုင်ပြကာ ဦးကျော်ဆန်းက ဆက်လက် ပြောသည်။
စစ်ကော်မရှင်သံရုံးသို့ သွားရာလမ်းတစ်လျှောက်တွင် တော်လှန်ရေးအင်အားစုများက တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးကန့်ကွက်သပိတ်ကို ယနေ့ ကျင်းပခဲ့ပြီး မနက်ဖြန်(ဒီဇင်ဘာ၇ရက်)တွင် လည်း သပိတ် တိုက်ပွဲ ဆက်လက်ဆင်နွှဲသွားမည်ဟု ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှား မှုကော် မတီက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာ၇ရက်တွင် တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂူးမြို့၌လည်း ဆန္ဒပြပွဲရှိမှာ ဖြစ်ပြီး၊ မြေပြင်နှင့် အွန်လိုင်း နိုင်ငံအနှံ့ လှုပ်ရှားမှုများကို တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီက စီစဉ် တိုက်ပွဲဝင်လျက်ရှိသည်။
တောင်ကိုရီးယားနိုင်ငံတွင် ကြိုတင်မဲပေးနိုင်သောနေရာမှာ ဆိုးလ်မြို့စစ်ကော်မရှင်သံရုံးတစ်ခု တည်းတွင်သာ ရှိသည်။
စာတည်း-ML
