ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၌ ပြုလုပ်မည့် အသံတိတ်သပိတ် ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်မဲ ပေးသူ တစ်သန်းခွဲပြည့်ရန် မျှော်မှန်းထား ကြောင်း mm-sham-elections website ကိုတည်ထောင်ခဲ့သည့် ရဲဘော်ကျော်ကြီးက ပြောသည်။
အတုအယောင် ရွေးကောက်ပွဲကို လက်မခံသူများ အွန်လိုင်းမှ ဆန္ဒဖော်ထုတ်နိုင်ရန် ဒီဇင်ဘာ ၄ ရက်နေ့က စတင်၍ ဝက်ဘ်ဆိုက်တစ်ခု စတင်ခဲ့ပြီးနောက် လေးရက်အကြာတွင် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်။
“ကျတော်တို့ အစတုန်းက မျှော်လင့်ထားတာထက် သာလွန်ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြတာ တွေ့ရလို့ အားတက်မိပါတယ်။ အခုလို ပါဝင်ကြနှုန်းအတိုင်းနဲ့ဆို ၁ သန်းခွဲဆိုတဲ့နှုန်းက တကယ်ဖြစ်မှာပါ” ဟု ရဲဘော်ကျော်ကြီးက ဆိုသည်။
ယနေ့ (ဒီဇင်ဘာ ၇ ရက်နေ့) နေ့လည် ၁၂ နာရီအထိ ဆန့်ကျင်မဲပေးသူ ၈ သိန်းကျော် ရှိနေပြီဖြစ်ပြီး တစ်သန်းပြည့်တော့မည် ဖြစ်သဖြင့် ပြည်သူများ ပိုမိုပါဝင်ကြရန် ရဲဘော်ကျော်ကြီးက တိုက်တွန်းနှိုးဆော်ထားသည်။
မြန်မာနှင့်ဆိုင်သော နိုင်ငံရေးဆောင်းပါးများ ရေးသားလေ့ရှိသော ချက်သမ္မတနိုင်ငံအခြေစိုက် မစ္စတာ အီဂေါ ဘလာဇီဗစ် ကလည်း ၎င်း၏ ဆိုရှယ်မီဒီယာမှတစ်ဆင့် မှတ်ချက်ပြုရာတွင် စတင်ပြီး တစ်ရက်အတွင်း ပါဝင်လက်မှတ်ထိုးသူ တစ်သိန်းခွဲနီးပါးရှိလာခဲ့ပြီး လက်ရှိနှုန်းအတိုင်းဆိုပါက တစ်ပတ်အတွင်း တစ်သန်းပြည့်နိုင်ကြောင်း ပြောကြားသည်။
“ဒီနှုန်းအတိုင်းသွားရင် တစ်ပတ်အတွင်း တစ်သန်းပြည့်နိုင်တယ်။ ဝိုင်းတွန်းကြရအောင်။ အနည်းဆုံးတော့ ဒီအတုအယောင်ရွေးကောက်ပွဲကို ဒီလူတွေ လက်မခံခဲ့ဘူးဆိုတာ ကမ္ဘာကိုပြလို့ရတာပေါ့” ဟု မစ္စတာ အီဂေါက တိုက်တွန်းပြောဆိုသည်။
စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ မတိုင်ခင်အထိ ရသမျှဆန့်ကျင်မဲများ ပေးနိုင်အောင် စီစဉ်ထားကြောင်း ရဲဘော်ကျော်ကြီးက ပြောသည်။
အကြမ်းဖက်စစ်တပ်ဘက်မှ ဘော့တ်များသုံး၍ NUG/PDF များအား အကြမ်းဖက်များအဖြစ် ပုံဖော်ရေးသားသည့် မှတ်ချက်များ လာရောက်ရေးသားခဲ့သော်လည်း ဆိုက်၏ လုံခြုံရေးကို တိုးမြှင့်ပြီးဖြစ်သဖြင့် ပြည်သူများ ပိုမိုပူးပေါင်းပါဝင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းကဆိုသည်။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးကလည်း “စစ်အုပ်စုက လုပ်တဲ့ ရွေးကောက်ပွဲကို ပြည်သူတွေက ဘယ်လောက်ထောက်ခံသလဲဆိုတာကို သက်သေပြလို့ရမယ့် အခွင့်အရေးနှစ်ခုရှိတယ်။ ပထမတစ်ခုက လက်ရှိဆိုက်ကနေ ဆန့်ကျင်မဲပေးတာ၊ နောက်တစ်ခုက အသံတိတ်သပိတ်မှာ ပါဝင်တာပါ။ ဒီနှစ်ခုစလုံးက လက်တွေ့ကျတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်လို့ရတဲ့ နည်းလမ်းတစ်ခုပါ” ဟု မှတ်ချက်ပေးခဲ့သည်။
ဆန့်ကျင်မဲပေးလိုပါက https://mm-sham-elections.vercel.app သို့ ဝင်ရောက်မဲပေးနိုင်ပြီး၊ မိမိခံစားချက်နှင့် အမြင်များကိုလည်း လွတ်လပ်စွာ ရေးသားနိုင်ကြောင်း၊ မဲပေးခြင်းနှင့် မှတ်ချက်ရေးသားခြင်းများအတွက် ပြည်သူများ၏ လုံခြုံရေးကို မထိခိုက်စေရန် ဆောင်ရွက်ထားကြောင်း သိရသည်။
စာတည်း-ကိုဆန်း
