ထိုင်းနှင့် ကမ္ဘောဒီးယားတပ်ဖွဲ့များအကြား ယနေ့ ဒီဇင်ဘာလ ၈ ရက် နံနက်ပိုင်းက နှစ်နိုင်ငံ နယ်စပ်အနီးတွင် ပစ်ခတ်မှုများ အပြန်အလှန်ဖြစ်ပွားခဲ့သည်။
စီဆာကက်ခရိုင်၊ ဟွိုင်တာမလယားဒေသရှိ ထိုင်းစစ်သားများကို ကမ္ဘောဒီးယားတပ်များက စတင်ပစ်ခတ်ခဲ့ရာ ထိုင်းစစ်တပ်က နိုင်ငံတကာ စစ်စည်းမျဉ်းများနှင့်အညီ ပြန်လည်တုံ့ပြန်ခဲ့ပြီး အဆိုပါဒေသတွင် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထိုင်း ဒုတိယ စစ်တိုင်းနယ်မြေမှ ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာကို မည်သည့်ရန်စကျူးကျော်မှုမျိုးကိုမဆို ခုခံကာကွယ်ရန် ခိုင်မာစွာ ရပ်တည်သွားမည်ဖြစ်ကြောင်း ထိုင်းစစ်တပ်က တုံ့ပြန်ထားသည်။
ကမ္ဘောဒီးယားတပ်ဖွဲ့များက နှစ်နိုင်ငံ နယ်စပ်တစ်လျှောက်တွင် ဒီဇင်ဘာ ၅ ရက် နံနက် ၅ နာရီ ဝန်းကျင်က ထိုင်းနယ်မြေစခန်းများစွာကို ချေမှုန်းရေးရိုင်ဖယ်များ၊ စက်သေနတ်များ၊ ဒရုန်းများနှင့် မော်တာများကို အသုံးပြုခဲ့ရာ ထိုင်းတပ်ဖွဲ့များက မိမိကိုယ်ကို ခုခံကာကွယ်ခြင်းနှင့် သင့်လျော်သော အရေးယူဆောင်ရွက်မှုအဖြစ် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထိုင်းစစ်တပ်က ထုတ်ပြန်သည်။
ယနေ့ ဒီဇင်ဘာ ၈ ရက် နံနက်အစောပိုင်း၌ ဥဘွန် ရာ့ချ်ဌာနီခရိုင်၊ နမ်ယွမ် ခရိုင်ရှိ ချောင်းအန်မား ဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
နမ်ယွမ်ခရိုင်ရှိ ချောင်းဘောက်ဒေသတွင် နံနက် ၇ နာရီခန့်၌ ထိုင်းစစ်သားများသည် ပစ်ကူလက်နက်များဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ထိုင်းစစ်သားတစ်ဦး သေဆုံးပြီး လေးဦး ဒဏ်ရာရရှိခဲ့သည်။
ယခုအခါ ထိုင်းဘက်မှ နေရာများစွာရှိ စစ်ရေးပစ်မှတ်များကို လေယာဉ်များ အသုံးပြု၍ ချောင်းအန်မား၊ ပရာဆတ်ခါနာနှင့် ပရဝိဟာရဒေသများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်မှတ်အများစုသည် ထိုင်းနိုင်ငံပိုင်နယ်မြေအတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုများအား ညွှန်ကြားပေးပို့ရန် အသုံးပြုသည့် ကွပ်ကဲရေးစခန်းများနှင့် ပစ်ကူနေရာများ ဖြစ်သည်ဟု ထိုင်းစစ်တပ်က ယူဆထားသည်။
