အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန်

ဓာတ်ပုံ - လူမှုကွန်ရက်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူလူထုက အပ်နှင်းထားသော အာဏာကို ကျင့်သုံးလျက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အရ “အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့” (NUG) ကို ပြင်ဆင်ဖွဲ့စည်းကြောင်း ယနေ့ (ဒီဇင်ဘာလ ၈ ရက် )တွင် ထုတ်ပြန်ထားသည်။

အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုအရ နိုင်ငံတော် သမ္မတအဖြစ် ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် ဒုတိယသမ္မတ(ယာယီသမ္မတ)အဖြစ် ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းတို့ကို ပြန်လည် အပ်နှင်းထားကြောင်း သိရသည်။

CRPH ၏ ကြေညာချက်အရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ဇော်ဝေစိုး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ဦးရည်မွန်၊ ဖက်ဒရယ်ပြည်ထောင်စုရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးတင်ထွန်းနိုင်တို့က တာဝန်ယူမည်ဖြစ်သည်။

ဆက်လက်ပြီး လူမှုကူညီရေး၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ဝင်းမြတ်အေး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဂျာထွယ်ပန်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာရွှေပုံ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာတူးခေါင်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးအောင်မျိုးမင်းတို့ကို တာဝန်ယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးသိန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါ်ဇင်မာအောင် နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတို့က တာဝန်ယူသွားမည်ဖြစ်သည်။

ယင်းအပြင် နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့တွင် ဒုတိယ နှစ်ဦးစီ ခန့်အပ်ထားပြီး ကျန်ဝန်ကြီးဌာနများ၌ ဒုဝန်ကြီး တစ်ဦးစီခန့်အပ်ထားကြောင်း သိရသည်။

CRPH အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အခြေခံပြီး၊ စစ်အာဏာသိမ်းမှုကို တန်ပြန်ကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးရည်မှန်းချက်ဖြင့် ယခုလို NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ ပြင်ဆင်ဖွဲ့စည်းမှု ကြေညာချက်သည် ယခင်အစိုးရအဖွဲ့နှင့် နှိုင်းယှဉ်ပါက အဓိကအားဖြင့် ဦးဆောင်မှုပိုင်းနှင့် ဝန်ကြီးဌာနများ ခွဲဝေမှုတွင် ကြီးမားသော အပြောင်းအလဲများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ဒူဝါလရှီးလအား နိုင်ငံတော်ဒုတိယသမ္မတ (ယာယီသမ္မတ) အဖြစ်သာ သီးသန့်ထားရှိလိုက်ခြင်းဖြင့် အဖွဲ့၏ ဖွဲ့စည်းပုံဆိုင်ရာ ခေါင်းဆောင်မှု (Ceremonial and Policy Head) အခန်းကဏ္ဍကို ပိုမိုရှင်းလင်းစေခဲ့သည်။

ဦးလွင်ကိုလတ် ဦးဆောင်သော န်ကြီးဌာနကို ဒုတိယဝန်ကြီးနှစ်ဦး (ခူထဲဘူး နှင့် ဦးကျော်နီ) ဖြင့် အင်အားဖြည့်တင်းလိုက်ခြင်းသည် ပြည်ထဲရေးနှင့် နယ်စပ်ဖြတ်ကျော် ကိစ္စရပ်များအပေါ် NUG ၏ အာရုံစူးစိုက်မှု မြင့်တက်လာကြောင်း သုံးသပ်မှုများရှိသည်။