By Mon Lay / MPA
မြ၀တီမြို့ အရှေ့မြောက်ဘက်ရှိ သင်္ဃန်းညီနေင် ဗျူဟာကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ စုံစမ်းသိရှိရသည်။
ယနေ့(စက်တင်ဘာ ၅ရက်)၊ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်၏ အောင်ဇေယျစစ်ကြောင်းက သင်္ဃန်းညီနောင်ကို ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက MPA ကိုပြောသည်။
“အတွင်းကွင်းလေးကျေးရွာကို စစ်တပ်က ထိန်းပြီးတော့ သင်္ဃန်းဘက်ကိုပါ ဆက်ထိုးလာတာ၊ သူတို့ဘက်က အင်အားအရမ်းများတော့ ဆုတ်ပေးလိုက်ရတယ်။ အဲ့ဒီမှာက ဒေသခံတွေလဲ ပြန်နေနေတော့ ဒေသခံတွေမထိခိုက်အောင်လို့ ကျတော်တို့တွေ ပြန်ဆုတ်ပေးလိုက်တာ” ဟု ၎င်းကပြောသည်။
လက်ရှိ စစ်ကော်မရှင်တပ်က သင်္ဃန်းညီနောင်ကို ထိန်းချုပ်ပြီးနောက် သင်္ဃန်းညီနောင်ရွာတောက်လျှောက်၌ စစ်ဆေးမှုများ တင်းကျပ်စွာပြုလုပ်လျက်ရှိကြောင်း အသက် ၄၀ အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးကပြောသည်။
“ညီနောင်ကို စစ်တပ်က ပြန်သိမ်းပြီးတော့ ဒီနေ့တစ်နေ့လုံး စစ်ဆေးတာတွေလုပ်နေတယ်။ ဖုန်းတွေကအစအကုန်လိုက်စစ်နေတော့ သူတို့မစစ်ခင် ရှိသမျှ ဒေတာတွေအကုန်ဖြတ်လိုက်ရတယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်သည် အာရှလမ်းမကြီးရှိ စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ရန်အတွက် BGF အကူအညီဖြင့် လုပ်ဗဆာင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဩဂုတ်လက စစ်ကော်မရှင်တပ်သည် ကျုံဒိုး-ကော့ကရိတ် လမ်းမကြီးကို ထိန်းချုပ်ပြီးနောက် တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ဖြင့် ဒေါနတောင်ခြေတွင် ပိတ်မိနေသည့် အောင်ဇေယျစစ်ကြောင်းကို ဖောက်ထွက်နိုင်ရန် လုပ်ဆောင်ခဲ့ပြီးနောက် တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် စခန်းများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့(စက်တင်ဘာ ၄ရက်)မှ စတင်ကာ တောနော်ရေတံခွန်၊ ဖူးကွယ်လေး၊ ဒေါနတောတွင်းမှ တဆင့် အာရှလမ်းမကြီးရှိ နို့ဘိုး၊ ထီမူးထနှင့် သင်္ဃန်းညီနောင် ကျေးရွာများကို ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ယနေ့တွင် သင်္ဃန်းညီနောင် ဗျူဟာကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။
“သူတို့ဘက်က အင်အား အလုံးအရင်းနဲ့ ထိုးလာတော့ ပြန်ပေါက်သွားတဲ့သဘောပါ၊ ကျတော်တို့ဘက်မှာ အင်အားနည်းနေချိန်ဖြစ်သွားလို့ ဆုတ်ပေးလိုက်ရတာ၊ ကျတော်တို့မှာ ကျတော်တို့ရှိတယ် ။ လက်လွှတ်ခဲ့ရတာတွေကို ပြန်တိုက်ယူသွားမှာပါ” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က အင်အားထောင်ကျော် အသုံးပြုကာ မြေပြင်ထိုးစစ်အပြင် လေကြောင်းနှင့် ဒရုန်း တိုက်ခိုက်မှုများစွာပြုလုပ်ခဲ့ကြောင်းသိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃ရက်က နယ်ခြားစောင့်တပ် (BGF) က စစ်ကော်မရှင်ရွေးကောက်ပွဲကို ကူညီမည်ဟု ထုတ်ပြန်ပြီးနောက် ကော့ကရိတ်-မြ၀တီလမ်းပိုင်းရှိ တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသော နေရာများ အပြင်းအထန်ထိုးစစ်ဆင်ခံရခြင်းသည် ၎င်းတို့ လက်ချက်သာဖြစ်နိုင်ကြောင်း စစ်ရေးသုံးသပ်သူတစ်ဦးကဆိုသည်။
“ကော့ကရိတ်-မြ၀တီလမ်းပိုင်းမှာ သင်္ဃန်းညီနောင် ဗျူဟာက အဓိကပဲလေ၊ အခုအဲ့ဒီဗျူဟာပါသွားပြီဆိုတော့ လမ်းပိုင်းတစ်ခလုံး စကစ လက်ထဲပြန်ရောက်သွားပြီ၊ သေချာသုံးသပ်ကြည့်ရင်တော့ BGFက စာထုတ်ပြီး မကြာဘူး စစ်တပ်က ပြန်ထိန်းချုပ်နိုင်တယ်ဆိုတာ BGF ရဲ့ လက်စလက်နမကင်းဘူး။ ဒါကဘာကိုပြလဲဆိုတော့ BGF ကလုံး၀ယုံကြည်လို့မရတဲ့ အဖွဲ့အစည်းဆိုတာပဲ” ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ထိန်းချုပ်ထားသည့် စခန်းအချို့ လက်လွှတ်ဆုံးရှုံးခဲ့ရသော်လည်း စစ်ကော်မရှင်တပ်များကို ပြင်းပြင်းထန်ထန်ဆက်လက်ခုခံသွားမည်ဟု တော်လှန်ရေးရဲဘော်များကပြောသည်။
လက်ရှိတွင်လည်း မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ တပ်ရင်းမှ စစ်ကော်မရှင်တပ်သားများသည် အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်းပြီး ထိုးစစ်အရှိန်မြင့်တင်ရန် လုပ်ဆောင်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။
စစ်ကော်မရှင်တပ်သည် ၂၀၂၄ခုနှစ်၊ ဧပြီ လတွင် အောင်ဇေယျစစ်ကြောင်းကို ဖွဲ့စည်းပြီးနောက် မြ၀တီမြိုကို အပြည့်အ၀ ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် ကော့ကရိတ်၌ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် စစ်ကော်မရှင်တပ်များသည် မြ၀တီမြို့နှင့် မိုင် ၂၀ ဝန်းကျင်ခန့် ကွာဝေးသည့် ဒေါနတောင်တန်းများတွင် တော်လှန်ရေးပူးပေါင်းတပ်များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တစ်နှစ်ကျော်ကြာ ပိတ်မိနေ့ပြီး ရှေ့မတိုးနိုင်ဘဲ အကျအဆုံးများပြားခဲ့ရသည်။
စာတည်း-ကိုဆန်း
