By Hsu Yee/MPA
မကွေးတိုင်း ၊ ချောက်နှင့် စလေမြို့နယ်အတွင်းရှိ တပ်ရင်း၂ခုကို ရော့ကက်များဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၃၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်၊ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ချောက်မြို့ အနောက်တောင်ဘက်ရှိ ခလရ ၁၃ သို့ ရော့ကက် ၇ လုံးနှင့် စလေမြို့နယ် အခြေစိုက် ခမရ ၄၁၆ သို့ ရော့ကက် ၈ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ခလရ ၁၃ မှ စစ်သားအယောက် ၂၀ နှင့် ခမရ ၄၁၆ မှ စစ်သား ၁၅ ယောက် စုစုပေါင်း ၃၅ ဦးသေဆုံးခဲ့ပြီး အလောင်းများအား ညတွင်းချင်း မြှုပ်ခဲ့ကာ ထိခိုက်၊ သေဆုံး စစ်သား စုစုပေါင်း အယောက် ၇၀ ကျော်ရှိသည်ကို အတည်ပြုနိုင်ခဲ့ကြောင်း သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးက စက်တင်ဘာ ၅ ရက် ညပိုင်း၌ သတင်းထုတ်ပြန်သည်။
“ညအချိန်အဓိကတိုက်ခိုက်ရတော့ ဗဟိုကင်းနဲ့ စစ်တန်းလျားတွေကို ထိတာပါ။ဒဏ်ရာရသူတွေကို တော့ ချောက်ဆေးရုံကြီးနဲ့ ညောင်ဦးကို ပို့တယ်လို့သိရပါတယ်။တပ်တွင်းရယ်၊ ဆေးရုံတွေရယ်နဲ့ ခလရ ၁၃ ပတ်ဝန်းကျင်ပြည်သူတွေဆီက အတည်ပြုချက်ရယူတာပါ”ဟု သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေးတပ်ဦးမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းသို့ ပစ်ခတ်ရာတွင် ရော့ကက် ၂ လုံး ချို့ယွင်းမှုဖြစ်ကာ မပေါက်ကွဲခဲ့သော်လည်း ကျန်ရော့ကက်များမှာ ပစ်မှတ်နေရာများသို့ ရောက်ခဲ့ပြီး ခလရ ၁၃ ၌ ရပ်နားထားသည့် ပေါက်မှ ရိက္ခာပို့ကာ ပြန်လာသော ကား အစီး ၉၀ ကျော်ထဲမှ အချို့လည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၅ ရက်၊ ည ၇ နာရီခန့်တွင် စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုရှိသော်လည်း ပြည်သူထိခိုက်မှုမရှိကြောင်း သိရသည်။
“မနေ့ကတော့ ၃ချက်လောက်ပစ်တယ်ဗျ။ ကျန်တာတွေတော့မကြားရသေးဘူးဗျ”ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုများကို မကွေးတိုင်း ပကဖ ဒရုန်း လက်ရုံးတပ်ဖွဲ့ဖြစ်သည့် သိန်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနှင့် ချောက် သခင်ဖိုးလှကြီးတပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ၏ ထိခိုက် သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
