မွန်ပြည်နယ်တွင် အတုအယောင် ရွေးကောက်ပွဲကာလ မှတ်ပုံတင် ပြုလုပ်သူ ငွေကျပ် သိန်းချီပေးဆောင်နေရ

ဓာတ်ပုံ-လူမှုကွန်ရက်

စစ်ကော်မရှင်က မှတ်ပုံတင် ပျောက်ပျက်နှင့် မရှိသူများအတွက် သက်ဆိုင်ရာရုံးများတွင် ပြုလုပ်နိုင်ကြောင်း ထုတ်ပြန်ထားသော်လည်း လက်တွေ့ ငွေကျပ်သိန်းချီပေးဆောင်နေရကြောင်း ကိုယ်တိုင်ပေးဆောင်ခဲ့ ရသူများထံမှ စုံစမ်း သိရှိရသည်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်များ ပျက်စီး၊ ပျောက်ဆုံး၍လက်ဝယ်မရှိသူများ မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များ အမြန်ဆုံးရရှိရေး သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် စစ်ကော်မရှင်က ဒီဇင်ဘာလ ၁၁ ရက် နေ့တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် နိုင်ငံသားစိစစ်ရေးကတ်ပြား သွားရောက်ပြုလုပ်သည့်အခါတွင် ငွေကျပ် တစ်သိန်းဝန်းကျင် မှ သိန်းဆယ်ချီ ပေးဆောင်နေရကြောင်း ယခုရက်ပိုင်းအတွင်း ကိုယ်တိုင်ပြုလုပ်ခဲ့သည့် ကျိုက်မရောမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အမက မှတ်ပုံတင် ပျောက်နေတာပေါ့နော်၊ အခုသူတို့က အလကားလုပ်ပေးမယ်၊ မဲထည့်ဖို့အချိန်မှာ အဲဒါ သွားလုပ်တာ ဟိုရောက်တော့ လုပ်ပေးချင်သလို မလုပ်ပေးချင်သလို ဘာလုပ်နေမှန်းမသိဘူး၊ အဲဒါနဲ့ မနေနိုင် တော့ ပိုက်ဆံဘယ်လောက်ပေးရမလဲမေးတော့ ပိုက်ဆံတော့ မပေးရပါဘူးတဲ့ စေတနာကြေးပါပဲ၊ နှစ်သိန်း လောက်ပေးလိုက်ရင် နှစ်ရက်၊ သုံးရက်အတွင်း ရမယ်တဲ့” ဟု ၎င်းက ပြောသည်။

လက်ရှိ မွန်ပြည်နယ်အတွင်းရှိ လ.ဝ.ကရုံးများတွင် မှတ်ပုံတင် (သို့မဟုတ်) အိမ်ထောင်စုစာရင်းများကို ပွဲစားမှတဆင့် ပြုလုပ်ပါက ပုံမှန်ကြေး ၁ သိန်းမှ ၅ သိန်း၊ အမြန်ကြေး ၁၀ သိန်းဝန်းကျင်ပေးဆောင်နေရကြောင်း ပွဲစားအချို့ထံမှ စုံစမ်းသိရှိရသည်။

ဧည့်နိုင်ငံသားများနှင့် လူမျိုးခြားများဖြစ်ပါက ယခုဈေးနှုန်းထက် ပိုမိုပေးဆောင်နေရကြောင်း ပေါင်မြို့ခံတစ်ဦးက ပြောသည်။

“အဓိက လူမျိုးခြားတွေဆို သူတို့ ပိုတောင်းတယ်၊ မထုတ်ပေးချင်တာလား ဘာလားတော့ မသိဘူးပေါ့၊ ဒါပေမယ့် ပိုက်ဆံသာ ပုံပေးလိုက် မကြာဘူး တစ်ပတ်အတွင်းဆို ရစေရမယ်” ဟု ၎င်းက ပြောသည်။

မှတ်ပုံတင်များ ပြုလုပ်သည့်အခါတွင် ငွေကျပ်ဆယ်ဂဏန်းမျှသာ ပေးသွင်းရကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

မှတ်ပုံတင်ပြုလုပ်သည့်အခါတွင် အကြာဆုံး တစ်လဝန်းကျင်ခန့်ရှိနိုင်ပြီး တစ်ခါတရံ ရက်ပိုင်းအတွင်း ရရှိသူများ လည်း ရှိကြောင်း လ.ဝ.က ဝန်ထမ်းတဦးက ပြောသည်။

ရွေးကောက်ပွဲကာလမတိုင်ခင်ကမူ အမြန်ကြေးပေးပါက တစ်ပတ်အတွင်း ရရှိနိုင်သော်လည်း ယခု အတုအယောင်ရွေးကောက်ပွဲ ကာလ အတွင်း ရက်ပိုင်းအတွင်း ရရှိကြကြောင်း ရေးမြို့ခံတစ်ဦးက ပြောသည်။

“ကျတော့်မှတ်ပုံတင်က ရေးမြို့နယ်ထဲပါတယ်။ ပျောက်သွားတယ်။ ပဲခူးမှာ အိမ်ထောင်ကျတော့ အဲဒီမှာ မှတ်ပုံတင်သွားလုပ်တာ အဆင်ပြေတယ်၊ စမတ်ကတ်နဲ့ မှတ်ပုံတင်အမြန်ကြေး လေးသိန်းနဲ့ နှစ်ရက်ပဲ ကြာတယ်” ဟု ၎င်းက ပြောသည်။

လ.ဝ.ကဝန်ထမ်းအချို့သည် ပွဲစားများနှင့် ပူးပေါင်းပြီး ယခုလို ငွေကြေးတောင်းခံမှုမျိုး အာဏာမသိမ်းခင်က ရှိနေသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုဆိုးရွားလာသည့်အခြေအနေဖြစ်လာသည်။ယခုကဲ့သို့ လက်စားမှုကြောင့် မွန်ပြည်နယ်လ.ဝ.ကဦးစီးမှူး အရေးယူခံရသည့်ဖြစ်စဉ် မနှစ်က ဖြစ်ပွားခဲ့ဖူးသည်။