AFP
သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုအတွင်း ဒဏ်ရာရရှိခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ၂၀၂၄ ခုနှစ် ဒီမိုကရေစီအရေး တော်လှန်ရေးလူငယ်ခေါင်းဆောင်တစ်ဦးသည် စင်ကာပူနိုင်ငံရှိ ဆေးရုံတစ်ရုံ၌ ကွယ်လွန်သွားခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၉ ရက် နံနက်အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်၌ ဆူပူမှုများ ဖြစ်ပွားသည်။
အသက် ၃၂ နှစ်အရွယ်ရှိ ရှာရစ်ဖ် အော့စမန် ဟာဒီ ကွယ်လွန်ကြောင်း ကြေညာပြီးနောက်၊ လူသတ်သမားများကို ဖမ်းဆီးပေးရန် ဒါကာမြို့၏ လမ်းမများပေါ်၌ ဆန္ဒပြသူ ထောင်ပေါင်းများစွာတို့က တောင်းဆိုခဲ့ကြသည်။
မြို့တော်ရှိ နိုင်ငံ၏ ထိပ်တန်းသတင်းစာတိုက် နှစ်ခုအပါအဝင် အဆောက်အအုံအချို့ မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရကြောင်းနှင့် ဝန်ထမ်းများမှာလည်း အဆောက်အအုံအတွင်း ပိတ်မိနေခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
ဟာဒီသည် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ အာဏာရှင်အုပ်ချုပ်ရေးကို အဆုံးသတ်စေပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားစေခဲ့သည့် ၂၀၂၄ ခုနှစ် တော်လှန်ရေးတွင် အဓိကပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
သူသည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူလည်း ဖြစ်သည်။
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဟာဒီသည် ဒါကာမြို့ရှိ ဗလီတစ်ခုမှ ထွက်လာစဉ် မျက်နှာဖုံးစွပ် တိုက်ခိုက်သူများ၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရသည်။ ၎င်းအား အရေးပေါ်ကုသမှု ခံယူရန် စင်ကာပူနိုင်ငံရှိ ဆေးရုံသို့ လေကြောင်းဖြင့် ပို့ဆောင်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ရရှိထားသော ဒဏ်ရာများဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ဟာဒီ ကွယ်လွန်သည့်သတင်း ပျံ့နှံ့သွားပြီးနောက် ဒါကာမြို့တွင် အနည်းဆုံး မီးရှို့မှု ၃ ခု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
Daily Star သတင်းစာတိုက် အဆောက်အအုံနှင့် Prothom Alo သတင်းစာတိုက် အဆောက်အအုံတို့တွင်လည်း မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။
အဆိုပါ သတင်းစာနှစ်စောင်မှာ တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် အကြီးဆုံးသတင်းစာများ ဖြစ်ကြပြီး ဆန္ဒပြသူများက ယင်းတို့ကို ဟာဆီနာ ခိုလှုံရာ အိမ်နီးချင်း အိန္ဒိယနိုင်ငံနှင့် ပတ်သက်ဆက်နွှယ်နေသည်ဟု စွပ်စွဲခဲ့ကြသည်။
Daily Star အဆောက်အအုံရှိ မီးကို နံနက် ၁ နာရီ ၄၀ မိနစ်တွင် ထိန်းချုပ်နိုင်ခဲ့ကြောင်း မီးသတ်တာဝန်ရှိသူများက ပြောသော်လည်း ဝန်ထမ်း ၂၇ ဦးမှာ အဆောက်အအုံအတွင်း ကျန်ရှိနေဆဲဖြစ်သည်။
“ကျွန်တော်တို့ အဆောက်အအုံရဲ့ နောက်ဘက်မှာ ခိုလှုံနေခဲ့ရပါတယ်။ ဆန္ဒပြသူတွေ ကြွေးကြော်သံတွေ အော်ဟစ်နေတာကို ကြားနေရတယ်” ဟု Daily Star သတင်းထောက် အာမက် ဒီပတိုက AFP သို့ ပြောကြားသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အိန္ဒိယဒုတိယသံအမတ်ကြီး၏ နေအိမ်ကိုလည်း ထိုင်သပိတ်ပြုလုပ်ရန် ကြိုးပမ်းသည့် လူရာပေါင်းများစွာက ဝိုင်းရံခဲ့ကြသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရကြောင်း သိရသည်။
နိုဘယ်လ်ဆုရှင် မူဟာမက် ယူနွတ်စ်ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရကလည်း ဟာဒီ ကွယ်လွန်မှုကို အတည်ပြုခဲ့သည်။
“ကျွန်တော့်အနေနဲ့ အပြင်းထန်ဆုံး ဝမ်းနည်းကြေကွဲမှု ဖော်ပြလိုပါတယ်။ သူ ကွယ်လွန်သွားတာဟာ နိုင်ငံအတွက် အစားထိုးမရနိုင်တဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ” ဟု ယူနွတ်စ်က ပြောကြားသည်။
“ကြောက်ရွံ့မှုတွေ၊ အကြမ်းဖက်မှုတွေ ဒါမှမဟုတ် သွေးမြေကျမှုတွေနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီဆီ လျှောက်လှမ်းမှုကို တားဆီးလို့ မရနိုင်ပါဘူး” ဟု ၎င်းက ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ အစိုးရက ဒီဇင်ဘာ ၁၉ ရက်တွင် ဗလီများ၌ အထူးဆုတောင်းပွဲများ ပြုလုပ်ရန်နှင့် ဒီဇင်ဘာ ၂၀ ရက်တွင် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်ဝက်တစ်ပျက် အလံလွှင့်ထူရန်လည်း ကြေညာခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့သည် ဟာဒီအား ပစ်ခတ်ခဲ့သည့် တိုက်ခိုက်သူများကို လိုက်လံရှာဖွေလျက်ရှိပြီး သံသယရှိသူ အဓိကတရားခံ နှစ်ဦး၏ ဓာတ်ပုံများကို ထုတ်ပြန်ကာ ဖမ်းဆီးနိုင်မည့် သတင်းပေးသူအား တာကာငွေ ၅ သန်း ဆုကြေးငွေ ပေးအပ်မည်ဟု ကြေညာထားသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ရွေးကောက်ပွဲအထိ နိုင်ငံကို ဦးဆောင်နေသည့် အသက် ၈၅ နှစ်အရွယ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မစ္စတာ ယူနွတ်စ်က ယခုပစ်ခတ်မှုသည် ရွေးကောက်ပွဲကို ပျက်ပြားစေရန် ရည်ရွယ်သည့် အားကောင်းသော ကွန်ရက်တစ်ခုမှ ကြိုတင်ကြံစည်လုပ်ဆောင်သော တိုက်ခိုက်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
လူဦးရေ သန်း ၁၇၀ ရှိသည့် မွတ်စလင်အများစုနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ် ၃၀၀ ကို တိုက်ရိုက်မဲပေးစနစ်ဖြင့် ရွေးချယ်မည်ဖြစ်ပြီး ကျန် ၅၀ မှာ အမျိုးသမီးစာရင်းမှ ရွေးချယ်မည်ဖြစ်သည်။ ထို့ပြင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပြည်သူ့ဆန္ဒခံယူပွဲကိုလည်း ထိုနေ့တွင်ပင် ကျင်းပသွားမည်ဖြစ်သည်။
