ကျောက်ရတနာအရောင်း Live လွှင့် လိမ်လည်မှုများ ခပ်စိပ်စိပ်ဖြစ်လာ

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုကို အခွင့်ကောင်းယူ၍ အွန်လိုင်းငွေလိမ်ဂိုဏ်းများ ပေါများလာရာ ယခုအခါ ပတ္တမြား ရောင်းဝယ်ရေးခေါင်းစဉ်တပ်ကာ အစုရှယ်ယာထည့်ဝင်ခိုင်းသည့် လိမ်လည်မှုပုံစံသစ်တစ်ခု ခပ်စိပ်စိပ် ဖြစ်ပွားလာနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ လိမ်လည်သူများသည် “မိုးကုတ်ပတ္တမြားမြေ”၊ “မိုးကုတ်မြေမှ ပတ္တမြား” စသည့် နာမည်အမျိုးမျိုးဖြင့် Facebook Page များဖွင့်လှစ်ကာ Live လွှင့်ရောင်းလျက်ရှိနေသည်။

ထူးခြားချက်မှာ ရောင်းချသူများ၏ မျက်နှာကို လုံးဝပြသခြင်းမရှိဘဲ အမျိုးသမီးအသံများဖြင့်သာ ဆွဲဆောင်ပြောဆိုခြင်း၊ ပတ္တမြားများအတွက် အစုရှယ်ယာဝင်ပါက အမြတ်ငွေများစွာရမည်ဟု မက်လုံးပေးခြင်းတို့ ပြုလုပ်လေ့ရှိသည်။

“သူတို့က Live မှာ အကောင့်တုတွေနဲ့ ဝင်ပြီး ဝယ်မယ်၊ ရှယ်ယာထည့်မယ်၊ ဘယ်လောက်မြတ်သွားပြီ ဆိုပြီး ဝိုင်းအော်ပေးကြတယ်။ တကယ်မသိတဲ့သူက အဲဒါကို အဟုတ်မှတ်ပြီး ငွေလွှဲမိရင် ချက်ချင်း Block သွားတာပဲ။ ကျွန်မ မိတ်ဆွေတစ်ယောက်ဆို ငွေ ၂ သိန်းလောက် ပါသွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ Page များကို နည်းပညာကျွမ်းကျင်သူများက လေ့လာကြည့်ရှုရာတွင် Page Location နှင့် Admin အများစုသည် တရုတ်နိုင်ငံတွင် အခြေစိုက်ထားကြောင်း တွေ့ရှိရသည်။

“ပုံအစစ်တွေ မတင်ဘဲ တခြားပုံတွေယူသုံးတာများတယ်။ Page Transparency ဝင်ကြည့်ရင် တရုတ်နိုင်ငံက ကိုင်ထားတာ တွေ့ရတယ်။ မျက်နှာပြခိုင်းတဲ့သူ၊ မေးခွန်းထုတ်တဲ့သူဆိုရင် Live မှာ Block ပစ်လိုက်ရော”ဟု နည်းပညာသမားတစ်ဦးက သတိပေးသည်။

လက်ရှိအချိန်တွင် ပြည်သူများမှာ စီးပွားရေးကျပ်တည်းမှုကြောင့် ဝင်ငွေရလမ်း ရှာဖွေနေကြရာ လိမ်လည်သူများက အမြတ်ငွေမက်လုံးဖြင့် ဆွဲဆောင်နေကြခြင်း ဖြစ်သည်။

“အဓိကကတော့ ဒီကာလမှာ ကိုယ့်ဆီက ပိုက်ဆံ သူများဆီပေးရဖို့ဆိုတာ တော်တော်စဉ်းစားပြီးမှ လုပ်ရမယ့်ကိစ္စပဲ။ စိတ်ကိုအေးအေးထားပြီး စဉ်းစားဖို့လိုတယ်။ ပိုက်ဆံမလွှဲခင် စစ်ဆေးမှုတွေလုပ်ရမယ်။ ဘယ်သူတွေက တကယ်မြတ်နေလဲ။ ဘယ်သူတွေနဲ့ ရင်းနှီးနေလဲ။ အဲဒီလိုတွေ မစစ်ဘဲ ကိုယ့်ဆီက ငွေတွေ လွယ်လွယ်ကူကူလွဲပစ်တာ မလုပ်စေချင်ဘူး။ ဒီကာလမှာ ငွေတွေလွယ်လွယ်ပေးနေပြီဆိုရင် သတိထားတော့”ဟု နည်းပညာသမားတစ်ဦးက ပြောသည်။

စစ်ကော်မရှင် အနေဖြင့် ကျားဖြန့်ကဲ့သို့သော ငွေလိမ်ဂိုဏ်းများကို ဖမ်းဆီးသည်ဟု သတင်းများထုတ်ပြန်နေသော်လည်း လက်တွေ့မြေပြင်တွင်မူ ယခုကဲ့သို့သော လိမ်လည်မှုများမှာ လျော့နည်းသွားခြင်းမရှိဘဲ ပိုမိုဆိုးရွားလာနေကြောင်း ပြည်သူများက ဝေဖန်ကြသည်။

“စစ်တပ်က ဟန်ပြဖမ်းတာတွေပဲ လုပ်နေတာ။ တကယ်တမ်း ပြည်သူတွေ ငွေလိမ်ခံနေရတာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တာ မရှိဘူး”ဟု ရန်ကုန်မြို့ခံတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိအချိန်တွင် အဆိုပါ လိမ်လည်မှု Page များသည် နေ့စဉ်နှင့်အမျှ အသစ်ပွားများနေသဖြင့် ပြည်သူများအနေဖြင့် အွန်လိုင်းမှ ငွေကြေးရင်းနှီးမြှုပ်နှံခြင်း၊ ရှယ်ယာထည့်ဝင်ခြင်းများ ပြုလုပ်ရာတွင် အထူးသတိထား ဆင်ခြင်ကြရန် လိုအပ်နေသည်။

စာတည်း-ကိုဆန်း