မုံရွာ နမခအနီး စစ်သားများ တိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - Budalin Mobile Team
ပုံစာ-တိုက်ပွဲဝင်ရဲဘော်များ။

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)အနီး ဆက်ကြေးကောက် ၊ ရိက္ခာရှာရန်ထွက်လာသည့် စစ်ကြောင်းကို PDFတို့တိုက်ခိုက်ခဲ့ရာ ၁၀ ဦး မျက်မြင်သေဆုံးခဲ့ကြောင်း သိရသည်။

မုံရွာမြို့နယ် ၊ သမန္တာရွာ ၊ ခိုးသန်းရွာနှင့် တောင်ပလူရွာတို့၏ သုံးပွင့်ဆိုင်ကြားနေရာ စက်တဲကွင်းကာကင်းမှ ဆက်ကြေးကောက် ၊ ရိက္ခာရှာရန်ထွက်လာသည့် အင်အား ၂၀ ခန့်ပါ စစ်ကြောင်းကို ဒီဇင်ဘာ ၁၆ ရက်၊ နေ့ခင်း ၁၂ နာရီဝန်းကျင်တွင် PDF ပူးပေါင်းတပ်များက စက်တဲကွင်းအနီး၌ပင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ တစ်နာရီခွဲခန့် ဖြစ်ပွားခဲ့ပြီး စစ်သား ၅ ဦးလည်း ဒဏ်ရာရခဲ့ကြောင်း Budalin Mobile Team မှ ဒီဇင်ဘာ ၁၈ ရက် ညပိုင်း၌ သတင်းထုတ်ပြန်ထားသည်။

“စက်တဲကွင်းက ရွာမဟုတ်ပါဘူး။ တပ်စွဲထားတယ်ဆိုတာထက် သူတို့တပ်တွေ ကာကင်းသဘောပါ။ သေဆုံး ထိခိုက် စခတွေက သူတို့နဲ့ နီးတော့ သယ်လို့လွယ်ပါတယ်။ အဲဒီ့နားက တပ်တွေချည်းပါပဲ”ဟု Budalin Mobile Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် နေရာသည် မုံရွာ နမခနှင့် ၂ မိုင်ခွဲခန့်သာဝေးပြီး ကျောက်ဆစ်ပုံကျေး ရွာအ ခြေစိုက် အမတ ၅၀၈ တပ်ရင်း(အမြောက်တပ်)နှင့် တစ်မိုင်ခွဲခန့်သာ ဝေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မုံရွာ နမခနှင့် အမတ ၅၀၈ တို့မှ ဟောင်ဝှစ်ဇာလက်နက်ကြီးများဖြင့် အကြိမ် ၂၀ ခန့်ပစ်ကူပေးခဲ့ပြီး စစ်ကူများ ထပ်မံရောက်လာသဖြင့် PDF ပူးပေါင်းတပ်တို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

“စခတွေကျပြီးမှ ရောက်လာတာပါ။အင်အားများပါတယ်။အတိအကျမသိနိုင်ပါဘူး။ ဝင်လုံးမယ့် အချိန်မှ လက်နက်ဝင်ကောက်မယ့်အချိန်‌ပေါ့။ ဒီဘက်ကလည်း ကျည်ကုန်သွားလို့ တက်မလုံးနိုင်ခဲ့ တာပါ”ဟု ၎င်းကဆက်လက်ပြောသည်။

စစ်သားများသည် သမန္တာရွာ ၊ ခိုးသန်းရွာနှင့် တောင်ပလူရွာတို့၏ သုံးပွင့်ဆိုင်ကြားနေရာရှိ စက်တဲကွင်းတွင် ကာကင်းယူထားသည်မှာ တစ်နှစ်ဝန်းကျင်ရှိပြီဖြစ်ကြောင်းနှင့် ယခုတိုက်ပွဲကြောင့် အနီးရှိ ကျေးရွာများမှ ပြည်သူများ စစ်‌ရှောင်နေရကြောင်းလည်း သိရသည်။

ယင်းတိုက်ခိုက်မှုကို Budalin Mobile Team- BMT ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ရွှေတြိဂံမဟာမိတ် တပ်ရင်း ၊ မုံရွာခရိုင်တပ်ရင်း ၂ ရွာဇော်ကြီး-တော်လှန်အသံ တပ်ခွဲ (YZG) ၊ မုံရွာခရိုင် တပ်ရင်း ၂၅ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မုံရွာမြို့နယ် တိုက်နယ် ၂ တိုက်ခိုက်ရေး လမ်းမတော် ပြောက်ကျား တပ်စိပ်တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။

စစ်သားများ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML