အရေးကြီးကာလ သတိပေးချက် ထုတ်ပြန်၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း လူစုလူဝေး မလုပ်ရန် ကရင်နီပြည်သူများကို သတိပေး

Photo - MPA

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလအတွင်း လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခြင်းနှင့် ပျော်ပွဲရွှင်ပွဲ များ မပြုလုပ်ကြရန် ကရင်နီပြည်တပ်မတော်က ယနေ့(ဒီဇင်ဘာ၁၉ရက်)ထုတ်ပြန်လိုက်သည်။

ယနေ့(ဒီဇင်ဘာ၁၉ရက်)မှ ၂၀၂၆၊ဇန်နဝါရီ၅ရက်အထိကို အရေးကြီးကာလအဖြစ် သတ်မှတ်လိုက်ပြီး ကရင်နီပြည်သူ၊ ကရင်နီပြည်နယ်တပ်ပေါင်းစုတပ်ဖွဲ့ဝင်များနှင့် လူမှုအဖွဲ့များအနေနှင့် ယင်းကာလ အတွင်း လူစုလူဝေးမပြုလုပ်ကြရန် ကရင်နီပြည်တပ်မတော်က အရေးကြီးကာလ သတိပေးချက် ထုတ်ပြန်လိုက်သည်။

“ရန်သူလည်း သူ့အလုပ်သူလုပ်နေသည်။မိမိတို့သည်လည်း သတိကြီးစွာ နေထိုင်သွားလာရမည်။ မိမိတို့အလုပ် မိမိတို့လုပ်ကြရမည်”ဟု ကရင်နီပြည်တပ်မတော်၊စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ် က ဆိုသည်။

ရန်သူသည် တော်လှန်ရေးတပ်များ၏ အားနည်းချက်ကို ယူပြီး ၁၉၈၅ခုနှစ်မှ ယနေ့အထိ ခရစ္စမတ် နှင့် နှစ်သစ်ကူးချိန်တွင် သတ်ဖြတ်မှု၊ရာဇဝတ်မှု ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

တော်လှန်ရေးသက်တမ်းနှစ်၅၀ကျော်အတွင်း ၁၉၇၄ခုနှစ်၊၁၉၉၀နှင့် ၂၀၁၀ပြည့်နှစ်တို့တွင် နိုင်ငံရေး လိမ်လည်မှုကြီးများ ပြုလုပ်ခဲ့ပြီး လာမည့်ဒီဇင်ဘာ၂၈ရက်တွင်လည်း နိုင်ငံရေးလိမ်လည်မှုကြီး ထပ်မံ ပြုလုပ်ဦးမည်ဖြစ်ကြောင်း ၎င်းလိမ်လည်မှုကြီးကို နီးရာဓားကြောက်နေကြသည့် လွိုင်ကော်မြို့ တွင်း၊မြို့ပြင်နေ ကရင်နီပြည်သူများ သတိထားကြရန်လည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အာဏာရှင်များ ကျဆုံးမည်မှာ သေချာပြီး တော်လှန်ရေးကို ပါဝင်အားဖြည့်ရန်လိုကြောင်း တိုက်တွန်း ထားသေးသည်။