စစ်ဖိနပ် ပြောင်အောင် တိုက်ကြမယ့် အတိုအစပါတီတွေ

ဟိုကောင်တွေတော့ မျက်ဖြူလန်နေပြီလို့ ဘကြီးရဲ့ထုံးစံအတိုင်း အရင်းမရှိအဖျားမရှိ ဖုန်းဝင်တာနဲ့ ပြောချလိုက်တယ်။

ဘယ်ကောင်တွေလဲဆိုတော့ ဘကြီးရဲ့ဇာတိ မွန်တို့မြေက တရားမဝင်ရွေးကောက်ပွဲကို ဒိုင်ဗင်ဝင်ထိုး ကြတဲ့ အတိုအစပါတီတွေ။

နိုင်ကလည်း နိုင်ချင်၊ကြံ့ဖွံ့ကိုလည်း ကြောက်နေရတာကြောင့် မပြောရဲမဆိုရဲဘဝ။မွန်တို့မြေ ၁၀မြို့ နယ်မှာ ရေး၊သထုံ၊ဘီးလင်းနဲ့ကျိုက်ထိုလောက်ပဲ ကျေးလက်ကို တော်လှန်ရေးတပ်တွေ စိုးမိုးထားတာဆို တော့ ဘာပဲဖြစ်ဖြစ် တခြားပြည်နယ်တွေနဲ့ယှဉ်ရင် သာသာယာယာမို့ ပျော်ပျော်ကြီးရွေးကောက်ပွဲ လာဝင်ကြ တာ တစ်နိုင်ငံလုံးဝင်ပြိုင်တဲ့ ကျားဖြူပါတီ(ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)တောင် လာရောက် ယှဉ်ပြိုင်သေး။

ပြဿနာက မင်းအောင်လှိုင်ခန့် မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်းဆိုသူက မွန်ပြည်နယ်ကြံ့ဖွံ့ဥက္ကဌ လည်း ဖြစ်၊သူကိုယ်တိုင်လည်း ပြည်နယ်လွှတ်တော် နိုင်သူအကုန်ယူ FPTP ကနေ အမတ်လောင်းဝင်ရွေးဦး မယ့်သူ။ပြီးတော့ မွန်ဒေသတစ်ခုလုံးနီး ရပ်ကျေးအုပ်ကြီးတွေကစ ကြံ့ဖွံ့ပါတီဝင်တွေချည်း ရွေးခန့်ထားတာမို့ ကြံ့ဖွံ့တို့ရဲ့ စည်းရုံးရေးမှာ အုပ်ကြီးတွေက ပြောင်ပြောင်ပဲကူညီ။ ကျန်ပါတီတွေကျတော့ ရပ်ထဲရွာထဲ စည်းရုံး ဟောပြောဖို့တောင် ဘယ်ပြည်သူကမှ နေရာထိုင်ခင်း မပေးရဲတာကြောင့် ဒေသခံ မွန်ညီညွတ်ရေးပါတီတောင် ငုတ်တုတ်ကိုမေ့ရော။

“ပြဿနာက ကြံ့ဖွံ့ကို အုပ်ကြီးတွေကူနေတာ မွန်ပါတီကတောင် မကန့်ကွက်ရဲတာပဲ”လို့ ဘကြီး က ဆိုတယ်။

မွန်ညီညွတ်ရေးပါတီဆိုတာက မကြာသေးသော တစ်ခေတ်တစ်ခါက မွန်တို့မြေမှာ အင်အားကောင်းခဲ့ တဲ့ပါတီ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါတဲ့ ၂၀၁၀ရွေးကောက်ပွဲတုန်းကဆို မွန်ညီညွတ်ရေးပါတီဖြစ်လာ မယ့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ခွန်ပြည့်အားပြည့် ကြံ့ဖွံ့ကို ပုခုံးချင်းယှဉ်ခဲ့နိုင်ရုံမက ချောင်းဆုံမဲ ဆန္ဒနယ်မှာ ကြံ့ဖွံ့ကို အလဲထိုးနိုင်ခဲ့တဲ့ပါတီ။၂၀၁၅နဲ့ ၂၀၂၀ရွေးကောက်ပွဲတွေတုန်းကတောင် NLDပါတီ လောက်မနိုင်ပေမဲ့ သူ့အနိုင်နဲ့သူ ဒေသခံပြည်သူတွေ အားပေးခဲ့ကြတဲ့ တိုင်းရင်းသားပါတီ။

၂၀၂၀ရွေးကောက်ပွဲအပြီး NLDပါတီက အစိုးရ ပေါင်းစည်းဖွဲ့စည်းရေး မွန်ညီညွတ်ရေးပါတီနဲ့ ဆွေး နွေးဖို့ နေပြည်တော်ကနေ မော်လမြိုင်အထိရောက်လာကြပေမဲ့ သူတို့ပါတီရုံးမှာ မဆွေးနွေးရင် မဆွေး နွေး နိုင်ဘူးဆိုပြီး အပြတ်ဖြတ်။မွန်ပါတီ အာဏာမမက် ခပ်မာမာပဲလို့ တချို့ကတောင် ဩဘာပေးကြသေး။

စစ်တပ်က အာဏာလည်း သိမ်းရော မွန်ညီညွတ်ရေးပါတီက တန်းထောက်ခံဒူးထောက်ကာ ကြောင် ကြာကြာရေမငုပ်ကြောင်း သက်သေပြ၊ မွန်ပြည်သူတို့ရဲ့ ယုံကြည်မှုကို ကိုယ်တိုင်ဖျက်ဆီးခဲ့တယ်။ မွန်ပါတီ ခေါင်းဆောင်တွေ မော်လမြိုင်ကနေနေပြည်တော်ထိ ဒူးထောက်သွားကာ မင်းအောင်လှိုင်ခြေဖဝါးအောက် ရိုကျိုးစွာ ဝပ်စင်းပြခဲ့တယ်။ နိုင်ငံရေးအသိကြီးတဲ့ မွန်ညီ ညွတ်ရေးပါတီဝင်တွေ တန်းစီနှုတ်ထွက်သွားကြပေမဲ့ အေးဆေး။ပါတီရပ်တည်ရေးအတွက် ဒူးထောက်ရတာလိုလိုနဲ့ မင်းအောင်လှိုင်ခြေတော်ရင်း ဒူးထောက်ခ စား နေတဲ့ မွန်ညီညွတ်ရေးပါတီက သက်ကြားအိုနိုင်ငံရေးသမားတွေဟာ နိုင်ငံရေးစားဖားကြီး တွေဖြစ်ကြောင်း ကွင်းလုံးကျွတ်ကျတော့တယ်။

တကယ်တော့ လက်ရှိ မွန်ညီညွတ်ရေးပါတီက သက်ကြားအိုခေါင်းဆောင်တွေဟာ နိုင်ငံရေးရေခံ မြေ ခံကောင်းခဲ့တဲ့ မွန်ပြည်သစ်ပါတီဝင်အဖြစ် စစ်အာဏာရှင်တွေကို လက်နက်ကိုင်တိုက်ခဲ့ကြသူတွေ။ဒါပေမဲ့၊ ၁၉၉၅ခုနှစ်၊ စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပြီးနောက် စီးပွားရေးလုပ်ပိုင်ခွင့်တွေ ရလာတော့ ခင်ညွန့်ကောင်းမှု အ ကြောင်းပြုလို့ ကြီးပွားချမ်းသာ။ ပါးပါးနပ်နပ် ထောက်လှမ်းရေးခင်ညွန့်ပစ်လိုက်တဲ့ ငွေကျည်ဆန် တည့်တည့် မှန်ကာ နိုင်ငံရေးအတွေးအမြင်သစ်တွေနဲ့ လင်းပွင့်၊ အာဏာနဲ့ သိုက်တူးရခြင်းအရသာမှာ တော်လှန်ရေးသွေး ဆုံးခဲ့ကြ။အာဏာရှင်တွေနဲ့ ပေါင်းတတ်ရင် နိုင်ငံရေးဆိုတာ ငွေတွင်းကြီးဖြစ်ကြောင်း ကောင်းကောင်းသဘော ပေါက်ခဲ့ကြတယ်။

ဒါပေမဲ့၊ဘာပဲဖြစ်ဖြစ် ဖက်ဒရယ်အရေးနဲ့ မွန်တိုင်းရင်းသားတို့အရေး ထုံးစံမပျက် ကြွေးကြော်ကြ တယ်။မင်းအောင်လှိုင် စစ်ဖိနပ်ကို ပြောင်အောင်တိုက်ပေးရတာလည်း မွန်တိုင်းရင်းသားတို့အရေး ပြောရေး ဆိုခွင့်တစ်နေရာအတွက် သူတို့ပဲ အနစ်နာခံခဲ့တာလိုလို။

အခု၂၀၂၅တရားမဝင်ရွေးကောက်ပွဲဝင်တော့လည်း မွန်တိုင်းရင်းသားတို့အတွက် နိုင်ငံရေးကိုယ်စား ပြုနိုင်ရေးကနေ တစ်ပြားမှမလျှော့။တိုင်းရင်းသားနာမည်တွေနဲ့ တရားမဝင်ရွေးကောက်ပွဲဝင်တဲ့ပါတီ စုစု ပေါင်း၂၉ခုထဲမှာ မွန်ညီညွတ်ရေးပါတီက အသံအကျယ်ဆုံး။တစ်နိုင်ငံလုံးအဆင့်ဝင်ပြိုင်ပြီး အမတ်လောင်းအ များဆုံး နံပါတ်၄ အဆင့် ကျားဖြူပါတီတောင် သူ့ လောက် အသံမထွက်။ ပါးစပ်ကြီးရွဲ့စောင်းတဲ့အထိ ပြော တတ်တဲ့ အေးမောင်နဲ့ သူ့ရဲ့ ရခိုင့်ဦးဆောင်ပါတီဆိုရင်လည်း ကိုယ့်ဘဝပေးကိုယ်သိကာ ကုပ်ချောင်းချောင်း။

တိုင်းရင်းသားပါတီတွေထဲ ဒေသတွင်းမီဒီယာပလက်ဖောင်းတွေထဲ အသံထွက်အကျယ်ဆုံးက မွန်ညီ ညွတ်ရေးပါတီ ဖြစ်နေတာ တွေ့ရတယ်။ဒါ့အပြင် လူမျိုးရေးမျက်ကန်း လော် ဘီ Kawao Newsgroup ကလည်း ဒေသတွင်းတော်လှန်ရေးအင်အားစုတွေရဲ့ ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက် ရေးကြွေးကြော်သံကို လက်ခံပေမဲ့ မွန်ညီညွတ်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးကို မထိခိုက်သင့်ကြောင်း တတိယအင်အားစုကြီးရဲ့ နိုင်ငံရေးသုခမိန်ကြီးများပမာ အံ့မခန်းအတွေးအခေါ်ကြီး တင်လာတာ တွေ့ရတယ်။

မွန်ညီညွတ်ရေးပါတီဆိုတာ မွန်တိုင်းရင်းသားတို့ရဲ့ နိုင်ငံရေးကိုယ်စားပြုမှု ပါတီ။ ဒီလိုပါတီရဲ့ အောင် နိုင်ရေးကို ချေမှုန်းပစ်သလိုဖြစ်သွားတာဟာ ကြံ့ဖွံ့နဲ့အပေါင်းအပါ စစ်အုပ်စုပါတီတွေသာ အကျိုးအမြတ်ရသွား မယ်လို့လည်း Kawao Newsgroup ကဆိုတယ်။

ဆိုတော့ မွန်ညီညွတ်ရေးပါတီက အာဏာသိမ်းတာကို ထောက်ခံပြီး မင်းအောင်လှိုင်ပစ်ကျွေးတဲ့ အရိုး အရင်းအာဏာလေး နည်းနည်း ရရှိချိန်မှာ မွန်တိုင်းရင်းသားတွေနဲ့ ဒေသခံတွေအကျိုးစီးပွား ဘာတွေ ဖော် ဆောင် ပေးခဲ့နိုင်သလဲလို့ မေးခွန်းထုတ်ရပါတော့မယ်။

မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်လယိတမ ဆိုရင် မင်းအောင်လှိုင်ခန့် မွန်ပြည် နယ်စီးပွားရေးရာဝန်ကြီး။ မွန်ပြည်နယ်ရဲ့မြို့တော် မော်လမြိုင်မြို့ပေါ်၊ ချောင်းဆုံနဲ့ကျိုက်မရောတို့မှာ တရား ဝင်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် ဒေသခံတွေ စီးပွားပျက်၊မြို့ကျက်သရေမဲ့ခဲ့တဲ့အပေါ် နိုင်လ ယိတမ ကန့်ကွက်ခဲ့တယ်လို့ မကြားမိ။မွန်တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးကိုယ်စားပြုမှုကို လိုချင်နေရှာ တဲ့ မွန်ညီညွတ်ရေးပါတီကရော စီးပွားပျက် အကျည်းတန်စေတဲ့ အဲဒီလောင်းကစားဝိုင်းတွေကို ဘာ့ကြောင့် မကန့် ကွက်ရဲခဲ့တာပါလဲ။

မွန်ညီညွတ်ရေးပါတီဟာ စစ်အုပ်စုဝင်ပါတီ မဟုတ်ပေမဲ့ စစ်အုပ်စုဆိုရင် မော်မကြည့်ရဲတဲ့အထိ စစ် အုပ်စုခြေဖဝါးအောက် အညွန့်ကျိုးနေတာကြောင့် စစ်အုပ်စုမကြိုက်နိုင်တဲ့အရာမှန်သမျှ မကန့်ကွက်ရဲခဲ့တာ ဘယ်ဆန်းလိမ့်မလဲ။

မွန်ညီညွတ်ရေးပါတီမှ မဟုတ်။တရားမဝင်ရွေးကောက်ပွဲဝင်မယ့် အတိုအစ ပါတီတွေအကုန်လုံးရဲ့ နိုင်ငံရေးသတ္တိသွေးက စစ်တပ်ကိုကြောက်ရ၊ကြံ့ဖွံ့ဆို ဖြုံရနဲ့ မပြောရဲမဆိုရဲဘဝ။

“ရွေးကောက်ပွဲဝင်ချင်တဲ့ပါတီတွေကို မင်းအောင်လှိုင် လျှာဖြတ်ထားသလားတောင် ထင်မိတယ်” လို့ ဘကြီးက ဆိုတော့ ကျနော်တို့တူဝရီး ရယ်ကြရတယ်။

ရွေးကောက်ပွဲဝင်မယ့်ပါတီချင်း အတူတူတောင် ကြံ့ဖွံ့ကို ဒါ ငါ့ပြိုင်ဘက်ဆိုပြီး ရဲရဲတင်းတင်း ပုခုံးချင်း မယှဉ်ရဲကြတဲ့ဘဝ။ကြံ့ဖွံ့ ဘာလုပ်လုပ် ၊ဥပဒေနဲ့ မညီလည်း မကန့်ကွက်ရဲကြတဲ့ဘဝ။ရွေးကောက်ပွဲအလွန်ကာ လ၊ ခေါင်းပေါင်းစွပ်လိုက်မယ့် စစ်ဗိုလ်ချုပ်တို့ရဲ့အစိုးရအဖွဲ့နဲ့ ကြံ့ဖွံ့ကြီးစိုးမယ့် လွှတ်တော်မှာရော ပြည်သူတို့ရဲ့ အကျိုးစီးပွား အတိုအစပါတီတွေက ဘယ်လို ဆောင်ကြဉ်းကြမှာလဲ။

“မွန်ညီညွတ်ရေးပါတီဆိုတာ မင်းအောင်လှိုင်မပြောနဲ့။အောင်ကြည်သိန်း(မွန်ပြည်နယ်ဝန်ကြီးချုပ်)ကို တောင် ကြောက်နေကြတယ်”လို့ ဘကြီးက ထပ်ပြောပြတယ်။

ဘာပဲဖြစ်ဖြစ် တိုင်းရင်းသားပါတီဆိုတော့လည်း တိုင်းရင်းသားအရေးလို့ ခေါင်းစဉ်တပ်ရတယ်။မွန် တိုင်းရင်းသားတို့အရေး လက်သီးလက်မောင်းတန်းကာ ပြည်နယ်ဝန်ကြီးဖြစ်သွားတဲ့ နိုင်လယိတမ ပိုထော သွားတာ အားလုံး မျက်မြင်ပဲလို့ ဘကြီးက ဆိုတယ်။

တိုင်းရင်းသားအရေးဆိုတာကို ငွေတွင်းကြီးလို့ မြင်ကြတယ်။အာဏာနဲ့ သိုက်တူးရတာလောက် ငွေ အရလွယ်တာ ဘယ်ရှိလိမ့်မလဲ။ဒီမိုကရေစီတွေ၊ဖက်ဒရယ်တွေဘာတွေ လူကြားကောင်းရုံလောက် ပြော တတ်ရင် သူတို့အတွက် လုံလောက်တယ်။

တစ်ချိန်က တရုတ်ခေါင်းဆောင် မော်စီတုန်းရဲ့ နာမည်ကျော်စကား ‘သကြားအုပ်ထားတဲ့ ကျည်ဆန်’ တည့်တည့်မှန်ပါစေကြောင်း သူတို့ တောင်းဆုခြွေနေကြရဲ့။

စာတည်း-ကိုဆန်း