တပ်တွင်းပြိုကွဲမှုကို စိုးရိမ်နေသည့် မင်းအောင်လှိုင် – စစ်ရေးအကျပ်အတည်းကြားမှ စစ်သားများကို အမြဲအသင့်ပြင် ခိုင်းနေ

စစ်ရေးအရ ရှုံးနိမ့်မှုများနှင့် နယ်မြေဆုံးရှုံးမှုများ ဆက်တိုက်ကြုံတွေ့နေရသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့( ဒီဇင်ဘာ ၂၀ရက်)က မကွေးတပ်နယ်ရှိ စစ်သည်များကို “ဘယ်အချိန်ဖြစ်ဖြစ် တိုက်ပွဲဝင်ရန် အမြဲအသင့်ပြင်ထားကြ” ဟု ထပ်မံညွှန်ကြားလိုက်သည်။

ဤညွှန်ကြားချက်သည် ပြိုလဲနေသော တပ်တွင်းစိတ်ဓာတ်ကို ပြန်လည်ဆွဲတင်ရန်နှင့် စစ်စည်းကမ်း ပျော့ညံ့လာမှုကို ထိန်းကျောင်းရန် ကြိုးပမ်းသည့် “စိုးရိမ်စိတ်” တစ်ခုဖြစ်ကြောင်း နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

“မင်းအောင်လှိုင်က စစ်သားတွေကို “အမြဲအသင့်ပြင်” လို့ ခဏခဏ ပြောနေတာဟာ တစ်ဖက်ရန်သူကို ကြောက်တာထက် “ကိုယ့်တပ်ထဲက စစ်သားတွေ စိတ်ဓာတ်ပျက်ပြားပြီး ပြိုကွဲကုန်မှာ” ကို ပိုကြောက်နေတာပါ။ တပ်ရင်းလိုက် လက်နက်ချတာတွေ၊ တပ်ပြေးတာတွေ ရှိနေတော့ စစ်သားတွေကို အလုပ်မအားအောင် လုပ်ထားပြီး “ငါတို့ နိုင်မှာပါ” ဆိုတဲ့ ပုံစံမျိုးနဲ့ တပ်တွင်းစည်းလုံးမှုကို အတင်းဖာထေးနေရတာ ထင်ရှားပါတယ်” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

မင်းအောင်လှိုင်က “တိုက်ရင်းလေ့ကျင့်၊ လေ့ကျင့်ရင်းတိုက်” ဆိုသည့် လမ်းညွှန်ချက်ကို အလေးပေးပြောကြားခဲ့ခြင်းမှာ လက်ရှိတပ်မတော်၏ မြေပြင်အခြေအနေကို သက်သေပြနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၃ ခုနှစ် “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်းတွင် တပ်ရင်းအလိုက် လက်နက်ချမှုများနှင့် တပ်ပြေးဦးရေ မြင့်တက်လာခြင်းက တပ်တွင်းစည်းလုံးမှုကို ကြီးမားစွာ ခြိမ်းခြောက်နေခြင်းဖြစ်ပြီး မကွေးတိုင်းသည် ခုခံစစ်ပြင်းထန်နေသည့် စစ်ကိုင်းနှင့် ချင်းပြည်နယ်တို့နှင့် ထိစပ်နေသည့် မဟာဗျူဟာမြောက်ဒေသဖြစ်ရာ အဆိုပါနေရာရှိ စစ်သည်များ စိတ်ဓာတ်ကျဆင်းပြီး တိုက်ပွဲရှောင်မည်ကို စစ်ခေါင်းဆောင်က အထူးစိုးရိမ်နေပုံရကြောင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းတွေမှာ အင်အားပြနေပေမယ့် အတွင်းစိတ်မှာတော့ တပ်တွင်း စည်းလုံးမှု ပြိုကွဲမှာကို အကြောက်ဆုံးဖြစ်‌နေတာ၊ စစ်သားတွေကို အသင့်ပြင်ခိုင်းတာဟာ တိုက်ပွဲနိုင်ဖို့ထက် တပ်မပျက်အောင် ထိန်းနေတဲ့ သဘောပါ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် မင်းအောင်လှိုင်က စစ်သားများကို နေ့စဉ့်လေ့ကျင်ရန် မှာကြားမှုများလုပ်ဆောင်ခဲ့ပြီး ယင်းအချက်သည် တပ်မတော်အတွင်း စစ်သားစုဆောင်းမှု ခက်ခဲလာခြင်းနှင့် ရှိပြီးသား အင်အားများ စစ်ပန်းနေခြင်းကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတစ်ခုသာဖြစ်ကြောင်း စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

“တပ်တွင်းမှာ အလုပ်မအားအောင် လုပ်ထားရင် စစ်သားတွေက ဘာမှ မတွေးနိုင်တော့ဘူးလေ၊ တပ်တွင်းအမှားတွေကို မတွေးနိုင်တော့တဲ့အတွက် အမိန့်နာခံမှုကနေ ပြန်လည်တင်းကျပ်တာက စစ်တပ်ရဲ့သဘောသဘာ၀ပဲ မင်းအောင်လှိုင်က အဲ့ဒါကို ဦးတည်နေတာပဲ” ဟု အညာဒေသမှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့ပြင် မင်းအောင်လှိုင်က ၎င်းတို့ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲတွင် တပ်မတော်နှင့် လက်တွဲနိုင်သူများကိုသာ မဲပေးရန် ညွှန်ကြားမှုပြုလုပ်ခဲ့ပြီး ယင်းအချက်သည် စစ်ရေးအရ အောင်ပွဲမရနိုင်သည့်အဆုံး နိုင်ငံရေးနည်းလမ်းဖြင့် အသက်ဆက်ရန် ကြိုးစားခြင်းဖြစ်ကြောင်း ထောက်ပြမှုများလည်းရှိသည်။

“မင်းအောင်လှိုင်က စစ်ရေးအရ ရှုံးနိမ့်မှုတွေကို ရွေးကောက်ပွဲလို့ဆိုတဲ့ နိုင်ငံရေးဖဲချပ်နဲ့ အစားထိုးပြီး အာဏာကို သက်တမ်းဆွဲဖို့ ကြိုးစားနေတာပါ၊ ဒါပေမယ့် မြေပြင်စစ်ရေးဖိအားနဲ့ တပ်တွင်းစိတ်ဓာတ် ကျဆင်းမှုတွေက အနာဂတ်မှာ သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေမှာပါ ” ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

အတုအယောင်ရွေးကောက်ပွဲပြီးလျှင် မင်းအောင်လှိုင်က အနိုင်ရပါတီကို အာဏာလွှဲမည်ဟု ပြောကြားထားသော်လည်း ၎င်း၏ ဩဇာကို နာခံမည့်သူများကိုသာ နေရာပေးမည်ဖြစ်သည့်အတွက် မြန်မာ့နိုင်ငံရေးတွင် စစ်တပ် အခန်းကဏ္ဍကို လျော့ချမည်မဟုတ်သောကြောင့် ပြဿနာများ ဆက်လက်ဖြစ်ပေါ်နေမည်ကို နိုင်ငံရေးလေ့လာသူများက ထောက်ပြထားသည်။

စာတည်း-ကိုဆန်း