အုတ်ဖိုတွင် စစ်အုပ်စု ဆိုင်ကယ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဒုရဲအုပ်အပါအဝင် ၆ဦးသေဆုံးဟုဆို

ဓာတ်ပုံ - ပေးပို့
ပုံစာ- သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရန်ကုန် – ပြည်ကားလမ်းပိုင်းတွင် စစ်အုပ်စုဆိုင်ကယ်ယာဉ်တန်းကို သတင်းအရ PDF တို့ စောင့်ဆိုင်းတိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်အပါအဝင် ၆ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ရက်၊ ည ၁၀နာရီခန့်က အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်ဂိတ်မှ ထွက်လာသည့် ဆိုင်ကယ်ယာဉ်တန်းကို PDF တို့ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။

” ဆိုင်ကယ်၅စီး၊ အင်အား ၁၀ယောက်ဗျ။ ရန်ကုန်ပြည်ကားလမ်းပေါ်မှာဖြစ်တာ။ တိုက်ခိုက်မှုက ၅မိနစ်ခန့်ကြာတယ်ဗျ။ ဒီကောင်တွေ လာမယ်လို့ အတွင်းသတင်းရလို့ သွားစောင့်နေတာပါ။ သူတို့က သေတဲ့လူကသေကျန်ခဲ့တယ်။ ပြေးတဲ့လူက ကစဉ့်ကလျား ဆိုင်ကယ်မောင်းပြေးတယ်ဗျ” ဟု ၃၈၀၂ တပ်ရင်း ၊ တပ်ခွဲ (၄) UGF OKPO မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ဒုရဲအုပ်ဇော်ထွန်းဝင်းအပါအဝင် စစ်အုပ်စုဝင် ၄ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကာ အုတ်ဖိုဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ဒဏ်ရာရသူ ၂ဦး ထပ်မံသေ‌ဆုံးခဲ့ကြောင်း သိရသည်။

” လက်နက်က သေတဲ့ကောင်တွေလက်နက်ပေါ့။ နာမည်နဲ့စာရွက်စာတမ်းတချို့ရခဲ့ပါတယ်။ ဒုရဲအုပ်ဇော်ထွန်းဝင်းက နေရာမှာတင် ပွဲချင်းပြီးသေဆုံးတာဗျ။ သူရဲ့ ဓာတ်ပုံက ကျနော်တို့မှာရှိထားတဲ့အပြင် အတွင်းသတင်းအရသူသေတယ်ဆိုတာအတည်ပြုနိုင်တာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

တိုက်ခိုက်မှုအပြီး လက်နက်ငယ် ၂လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၈၀၂ တပ်ရင်း ၊ တပ်ခွဲ ၄ UGF OKPO က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML