အခွန်ရှောင်သည့်ကိစ္စဖြင့် မွန်ပြည်နယ်အတွင်း ခရိုနီစီးပွားရေးလုပ်ငန်းရှင်အချို့ကို စစ်ကော်မရှင်က ခေါ်ယူ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း MPA က စုံစမ်းသိရှိရသည်။
စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးနီးပါးကို စစ်ကော်မရှင်က ခေါ်ယူစစ်ဆေးနေပြီး ၎င်းတို့ကို နိုဝင်ဘာလအတွင်းမှာ စတင်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း စစ်ကော်မရှင်ပြည်နယ် အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူ တစ်ဦးက MPA ကို ပြောသည်။
“သူတို့စစ်တပ်အသိုင်းအဝိုင်း၊ အခုအုပ်ချုပ်သူအသိုင်းအဝိုင်းနဲ့ ခရိုနီတွေ အချင်းချင်းပဲ ခရိုနီတယောက်နဲ့ ညိပြီး အဲဒီမှာ ပြဿနာဖြစ်ကြတော့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားကြရာကနေ ဒီအခွန်ရှောင်တဲ့ ကိစ္စတွေ ပေါ်လာတာ ပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်ဆေးခံရသူများသည် မော်လမြိုင်မြို့ပေါ် စက်သုံးဆီလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင်များ၊ စားသောက် ကုန်လုပ်ငန်းရှင်များနှင့် ကုန်သည်အချို့ပါဝင်ကြောင်း သိရသည်။
၎င်းတို့ကို မည်သည့်နေရာတွင် ခေါ်ယူစစ်ဆေးမှု ပြုလုပ်ခဲ့သည်ကို အတည်မပြုနိုင်သော်လည်း အားလုံးကို တပြိုင်နက် စစ်ဆေးမေးမြန်းခဲ့ခြင်း မဟုတ်ကြောင်း သတင်းအရင်းအမြစ်အချို့က ပြောသည်။
အဆိုပါခရိုနီများ၏ ငွေဝင်ထွက်ငွေဘဏ်စာရင်းများသာမက ၎င်းတို့ ကူညီထောက်ပံ့လှူဒါန်းထားသည့် အဖွဲ့အစည်းများ ရှိပါက ယင်းအဖွဲ့အစည်းများကို စစ်ဆေးနေကြောင်း ပြည်နယ်အခွန်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အဓိက သံဃာတော်တွေကို လှူဒါန်းတာမျိုး ရှိတယ်လေ၊ သူတို့ ကြည်ညိုတဲ့ ဆရာတော်မျိုးတွေပေါ့၊ တစ်ခုခု ပေါ့လေ၊ အဲဒီလိုမျိုးဆို ခရိုနီတွေက သိန်းထောင်ပေါင်းများစွာ လှူဒါန်းတာ ရှိတယ်၊ အဲဒါ တကယ်ပဲ အဲဒီငွေ ပမာဏက လှူဒါန်းထားလားပေါ့၊ တကယ့်အလှူက ကျပ်သိန်းဆယ်ချီ အခွန်ရှောင်ဖို့အတွက် လက်ဝါးချင်းရိုက်ပြီး လုပ်နေတာလားပေါ့” ဟု ၎င်းက ပြောသည်။
ယခု စစ်ဆေးခံရသူများထဲတွင် မော်လမြိုင်မြို့ သာသနာ့နွယ်ဖောင်ဒေးရှင်းဆရာတော် အရှင် စန္ဒဇောတိကို ပုံမှန်ငွေကြေး လှူဒါန်းနေသူများ ပါဝင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
“ဆရာတော်နဲ့ ဆက်စပ်ပြီး အခွန်ရှောင်တဲ့ ကိစ္စလို့ ကြားတယ်၊ ခေါ်စစ်တာလေ ကြားတယ်၊ အခြားအကြောင်းအရင်း ရော ပါ၊ မပါတော့ အတိအကျမသိဘူး” ဟု သာသနာ့နွယ်ဖောင်ဒေးရှင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယခုပြောဆိုချက်နှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန် သာသနာ့နွယ်ဖောင်ဒေးရှင်းဘက်ကို ဆက်သွယ်မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
သာသနာနွယ်ဖောင်ဒေးရှင်း ဦးဆောင်သူ ဆရာတော်အရှင် စန္ဒဇောတိသည် သာသနာပြုလုပ်ငန်းများ၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေးတို့အပြင် သဘာဝဘေးအန္တရာယ်ကိစ္စဆိုင်ရာလုပ်ငန်းတွင် ထဲထဲဝင်ဝင် ပါဝင် ကူညီဆောင်ရွက်မှုများကြောင့် လူထုထောက်ခံမှုသာမက ပြည်သူများ၏ယုံကြည်မှုကို ရရှိထားသည့် ဆရာတော် ဖြစ်သည်။
စစ်အစိုးရအပါအဝင် အစိုးရအဆက်ဆက်နှင့် ဆက်ဆံရေးကောင်းသည့် သာသနာနွယ်ဆရာတော်သည် မော်လမြိုင် တောင်ဝိုင်းတောင် တောင်မြေဖြိုမှုအပေါ် လူမှုကွန်ရက်စာမျက်နှာများတွင် ဝေဖန်ထောက်ပြပြောဆို မှုများ ပြုလုပ်ခဲ့သည့်အတွက် စစ်အစိုးရ၏ အညှိုးထားဖမ်းဆီးခြင်း ခံခဲ့ရသည်။
ထို့နောက် စစ်ကော်မရှင်က အရှင်စန္ဒဇောတိကို နိုင်ငံတည်ငြိမ်းအေးချမ်းရေးကို ပျက်ပြားအောင် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် လှုံ့ဆော်၊ ဝါဒဖြန့်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် နိုဝင်ဘာလကုန်ပိုင်းတွင် ဥပဒေနှင့်အညီ ဖမ်းဆီးအမှုဖွင့်ထားသည်ဟု လိမ်လည် ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ ခရိုနီစီးပွားရေးလုပ်ငန်းအချို့ စစ်ဆေးခံနေရသည့်အခြေအနေကို ထပ်မံအတည်ပြုနိုင်ရေးအတွက် မွန်ပြည်နယ်အတွင်းရှိ စစ်ကော်မရှင်နှင့် ဆက်စပ်မှုရှိသည့် စီးပွားရေးလုပ်ငန်းရှင်အချို့ကို MPA က ဖုန်းဖြင့် ဆက် သွယ်ခဲ့မေးမြန်းခဲ့သော်လည်း ဖြေကြားပေးရန် ငြင်းဆန်ခဲ့သည်။
“ပြောရရင် စစ်တပ်နဲ့ ပေါင်းပြီး လုပ်နေကြတာပဲလေ၊ အချင်းချင်း ဝေစားမျှစား မတည့်တဲ့အခါကျတော့ ပြဿနာ တွေဖြစ်လာတယ်၊ အရေးယူဖို့ကိစ္စတော့ ဖြစ်လာမယ်မထင်ဘူး၊ ငွေနဲ့ပဲ လာဘ်ထိုးလိုက်ကြမှာပဲလေ” ဟု မွန်နိုင်ငံ ရေးသမားတစ်ဦးက မှတ်ချက်ပေးသည်။
စစ်ကော်မရှင်က အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိရေး အခွန်ပုန်း၊ အခွန်ရှောင်များကို စိစစ်ဖော် ထုတ်သွားရန် ညွှန်ထားသော်လည်း လက်တွေ့ စစ်အုပ်စု၊ အုပ်ချုပ်သူအသိုင်းအဝိုင်း၊ ၎င်းတို့နှင့် ဆက်စပ်သည့် ခရိုနီ အချို့နှင့် ပူးပေါင်းပြီး အခွန်ရှောင်နေကြကြောင်း စီးပွားရေးလုပ်ငန်းရှင်များအကြား ဝေဖန်မှုများ ရှိနေသည်။
စာတည်း-ကိုဆန်း
