စစ်အုပ်စု ရုပ်သံလိုင်း MITV ကို You Tube ဖယ်ရှား

ဓာတ်ပုံ - Justice For Myanmar

You Tube က တရားမဝင် မြန်မာစစ်အုပ်စု၏ Myanmar International TV (MITV) ရုပ်သံလိုင်းကို ဖယ်ရှားခဲ့ကြောင်း သိရသည်။

YouTube သည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာန ချန်နယ်ကို အစောပိုင်းက ဖယ်ရှားခဲ့ပြီးနောက် ယခုအခါ ၎င်းတို့၏ MITV ချန်နယ်ကိုပါ ထပ်မံဖယ်ရှားလိုက်ခြင်း ဖြစ်ကြောင်း Justice For Myanmarက သတင်းထုတ်ပြန်သည်။

MITV သည် စစ်အုပ်စု အာဏာသိမ်းကြိုးပမ်းမှုနှင့် အတုအယောင်ရွေးကောက်ပွဲအတွက် နိုင်ငံရေးတရားဝင်မှုကို မဟုတ်မမှန် လုပ်ကြံရယူရန်ကြိုးပမ်းမှုတွင် နိုင်ငံခြားပရိသတ်များအား အယုံသွင်းနိုင်ရန် အသုံးပြုသည့် ဝါဒဖြန့်လက်နက်တစ်ခုဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ဝါဒမှိုင်းဖြန့်ချိရေးက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ ဒေါက်တိုင်တစ်ခုဖြစ်ပြီး၊ နည်းပညာကုမ္ပဏီကြီးတွေကြောင့် စစ်အုပ်စုက ဝါဒဖြန်ချိရေးတွေ ဆက်လက်ဖြန့်ဖြူးနိုင်တာဖြစ်ပါတယ်။လူသားမျိုးနွယ်အပေါ် အဆိုးရွားဆုံးရာဇ ဝတ် မှုတွေကို အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ ကျူးလွန်နေတဲ့ ရာဇဝတ်စစ်အုပ်စုကို နည်းပညာ ကုမ္ပဏီတွေက သူတို့ပလက်ဖောင်းတွေ၊ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေ ဆက်လက်ပေးအပ် နေတယ်ဆိုတာက လက်ခံနိုင်ဖွယ်မရှိပါဘူး” ဟု ပြောသည်။

YouTube ၏ ယခုအရေးယူဆောင်ရွက်မှုကြောင့် စစ်အုပ်စု၏ နိုင်ငံခြားပရိသတ်များနှင့် ထိတွေ့နိုင်မှုအား သိသိသာသာ လျော့နည်းသွားစေခဲ့ကြောင်းနှင့်YouTube ၏ မိခင်ကုမ္ပဏီဖြစ်သော Alphabet အနေဖြင့် ကျန်ရှိနေသည့် စစ်အုပ်စု၏ ဝါဒမှိုင်းဖြန့်အကောင့်အားလုံးကို ဖယ်ရှားရန်နှင့် ၎င်းတို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို စစ်အုပ်စု အသုံးပြုခြင်းမှ တားဆီးပိတ်ပင်ရန် Justice For Myanmar က တောင်းဆိုထားသည်။

“စစ်အုပ်စုက သူတို့ရဲ့ အတုအယောင်ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်စစ်ဆင်ရေးကို အရှိန်မြှင့်လုပ် ဆောင်နေချိန်မှာ ဝါဒမှိုင်းဖြန့်ချိနိုင်ဖို့အတွက် ဒီနည်းပညာပလက်ဖောင်းတွေကို အသုံးပြုနေတာပါ”ဟု မရတနာမောင်က ဆက်လက်ပြောသည်။

Twitch နှင့် Facebook တို့သည်လည်း MITV ကို ဖယ်ရှားခဲ့ပြီးဖြစ်သည်။

Amazon ပိုင် ဗွီဒီယိုပလက်ဖောင်းတစ်ခုဖြစ်သည့် Twitch သည် ၎င်း၏ ဝဘ်ဆိုဒ်နှင့် မိုဘိုင်းဖုန်း အပ်ပလီကေးရှင်းများပေါ်တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် မြန်မာ့အသံ ၁၄ လိုင်းတို့၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို ပြုလုပ်နေသည့် အကောင့်များကို ဖယ်ရှားလိုက်ပြီး အတုအယောင် ရွေးကောက်ပွဲမတိုင်မီကာလအတွင်း စစ်အုပ်စု၏ ဝါဒမှိုင်းများ၊ သတင်းမှားများနှင့် အမုန်းစကားများ တိုက်ရိုက်ထုတ်လွှင့်နိုင်စွမ်းကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ကြောင်း Justice For Myanmar က သတင်းထုတ်ပြန်ခဲ့သည်။