ရုရှား၏ ပြင်းထန်သော ထိုးစစ်ကြောင့် ယူကရိန်းတပ်ဖွဲ့များနိုင်ငံအရှေ့ပိုင်းမြို့မှ ဆုတ်ခွာ

ဓာတ်ပုံ - AP
ပုံစာ - ယူကရိန်းနိုင်ငံ၊ ဒိုးနက်စ်ဒေသအတွင်း ရုရှားတပ်ဖွဲ့များနှင့် ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားရာ ရှေ့တန်းစစ်မျက်နှာမြို့ငယ်တစ်ခု၏ လမ်းမပေါ်မှ ယူကရိန်းစစ်သည်တစ်ဦး

ယူကရိန်းနိုင်ငံ အရှေ့ဘက်ခြမ်း၌ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားပြီးနောက် မိမိတို့တပ်ဖွဲ့များကို မြို့ငယ်တစ်ခုမှ ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း ယူကရိန်းအစိုးရက ဒီဇင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရုရှား၏ တိုက်ခိုက်မှုများကြောင့် အရပ်သား သုံးဦး သေဆုံးခဲ့ပြီး အေးခဲလှသော ဆောင်းရာသီကာလအတွင်း လူပေါင်းထောင်ချီ၍ လျှပ်စစ်မီး ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည်။

ဒိုးနက်စ်ဒေသအတွင်းရှိ မဟာဗျူဟာကျသော လမ်းကြောင်းပေါ်တွင် တည်ရှိသည့် ဆီဗားစ်မြို့မှ မိမိတို့တပ်ဖွဲ့များကို ရုပ်သိမ်းခဲ့ကြောင်း ကိဗ် က အတည်ပြုခဲ့သည်။

အဆိုပါမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားဘက်က လွန်ခဲ့သော နှစ်ပတ်ခန့်ကတည်းက ကြေညာခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင်ခဲ့သော ကျူးကျော်စစ်ကို အဆုံးသတ်ရန် ရုရှားအစိုးရ၌ ရည်ရွယ်ချက်မရှိကြောင်း ပြသနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမိုင်ယာ ဇလန်းစကီးက ပြောကြားခဲ့သည်။

အမေရိကန်က ကြားဝင်စေ့စပ်ပေးသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို မိုင်ယာမီမြို့တွင် ရက်အတော်ကြာ ပြုလုပ်ခဲ့ပြီးနောက် ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။
စစ်ပွဲအဆုံးသတ်ရန် ဝါရှင်တန်က အဆိုပြုထားသည့် အစီအမံအသေးစိတ်ကို နှစ်ဖက်စလုံးက ညှိနှိုင်းနေကြသော်လည်း လက်ရှိအချိန်အထိ သံတမန်ရေးရာအရ ထူးခြားသော တိုးတက်မှု အခြေအနေ မရှိသေးပေ။

ယူကရိန်းစစ်တပ်က “မိမိတို့စစ်သည်များ၏ အသက်အန္တရာယ်နှင့် တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ထိန်းသိမ်းရန်အတွက် ဆီဗားစ်မြို့မှ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်” ဟု ထုတ်ပြန်ခဲ့ပြီး မြို့စွန်ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဖြည့်စွက်ပြောကြားသည်။

ရုရှားကမူ အမေရိကန်၏ အစီအစဉ်အပေါ် ဆွေးနွေးမှုများမှာ “နှေးကွေးသော တိုးတက်မှု” သာရှိကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ကိဗ်နှင့် ဥရောပမဟာမိတ်များသည် ရုရှား၏ တင်းမာသော တောင်းဆိုချက်များ ပါဝင်နေသည့် မူလအဆိုပြုချက်ကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းနေကြသည်။