ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်၊ကျောက်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း ၂လုံးဖြင့် မြို့ပြပြောက်ကျားတို့ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၃ ရက်၊ ညနေ ၆ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် လှည်းကူးမြို့နယ် ၊ ကျောက်အိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး စုစုပေါင်း ၁၀ ဦးခန့် ရောက်ရှိနေချိန်၌ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Army က သတင်းထုတ်ပြန်ထားသည်။
“အုပ်ချုပ်ရေးမှူးရုံးကို မဲရုံလုပ်ထားလို့ တိုက်ခိုက်တာပါ။ ရုံးတော့ တော်တော် ထိခိုက်ပျက်စီး သွားတယ်။ လူတော့များတယ်။ အရေအတွက် ခန့်မှန်းခြေ ၁၀ ကောင်ကျော်လောက်ရှိမယ် ထင်တယ်။ ပျူတွေလည်း အစတွေ စင်ဖို့များတယ်”ဟု Yangon Army အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
အုပ်ကြီးနှင့် ပျူများက ပေါ်တာဆွဲရန်အတွက် အုပ်ချုပ်ရေးမှူးရုံးတွင် လူစုနေသည့်အချိန်၌ တိုက် ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ပေါ်တာဆွဲတာထက် အဲဒီ့ရွာမှာက ဧည့်စစ်ဆိုပြီး နေ့လယ်ရော ညရော အမြဲစစ်တယ်။ မသင်္ကာ တဲ့သူဆို ဖမ်းတယ် ၊ပိုက်ဆံတောင်းတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းခွဲတိုက်ခိုက်ပြီး တစ်နာရီခန့်ကြာမှ လှည်းကူးမြို့ပေါ်ရှိ စစ်သားများ ကျောက်အိုင်ရွာသို့ ရောက်လာကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
ကျောက်အိုင်ကျေးရွာသည် ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် တစ်မိုင်ကျော်သာဝေးသည်။
