ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ပုဏ္ဏားကျွန်းရှိ ပြည်သူနေအိမ်များပေါ် စစ်ကော်မရှင်၏ စစ်တပ်က ဗုံးကြဲတိုက် ခိုက်ခဲ့ပြီး စစ်လော်ဘီများက အေအေဘိန်းစခန်းဟူ၍ တံဆိပ်ကပ်ကာ သတင်းအတုများ ဖြန့်ဝေလျက်ရှိသည်။
စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၂၃ရက် နံနက် ၁၀နာရီကျော်တွင် “တောင် ကုတ်နဲ့ ပုဏ္ဏားကျွန်းရှိ အေအေဘိန်းစခန်းများအား တပ်မတော်က ဗုံးကြဲရှင်းလင်း” ဟု (မူရင်းရေးသားချက်) ဖြန့် ဝေထားသည်။
သတင်းအတုလင့်ခ် – https://archive.ph/3ATq5
အဆိုပါ အကြောင်းအရာကို “ကိုနှင်းမောင်” “MDY image” နှင့် အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေထားကြသည်။
သတင်းအတုလင့်ခ်များ
ကိုနှင်းမောင် – https://archive.ph/3eDqx
MDY image – https://archive.ph/XIBiI
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သတင်းအတုဖြစ်ကြောင်း သက်သေပြချက်
Google တွင် “ရခိုင်ပြည်နယ် တောင်ကုတ်နှင့် ပုဏ္ဏားကျွန်း ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ရခိုင်ဒေသတွင်း မီဒီယာများက သတင်းဖြစ်စဉ်အကြောင်း ရေးသားဖော်ပြထားသည်။
Development Media Group, Western News သတင်းမီဒီယာတို့တွင် ဒီဇင်ဘာ ၂၂ ရက်၊ ညပိုင်းအချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီး၊ ကွမ်းတောင်နှင့် ခမောင်းတော ကျေးရွာများကို စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်သဖြင့် ကွမ်းတောင်ကျေးရွာရှိ နေအိမ် ၂ ဆောင် ပျက်စီးခဲ့ ကြောင်း၊ အလားတူ ယမန်နေ့ ည ၇ နာရီဝန်းကျင်ကလည်း တောင်ကုတ်မြို့နယ်ကို စစ်ကောင်စီက လေ ကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲခံရမှုကြောင့် လူထိခိုက်သေဆုံးမှု မရှိကြောင်း ကနဦး သတင်းများအရ သိရကြောင်း ရေးသားထားသည်။
DMG – https://bitly.cx/XTBxf
Western News – https://bitly.cx/60mxn
စစ်ကော်မရှင်တပ်သည် ဒီဇင်ဘာလ ၁၀ ရက် ညတွင် မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို လေကြောင်းဗုံး ကြဲတိုက်ခိုက်ခဲ့သဖြင့် ဆေးကုသနေသော လူနာ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော်က သေဆုံး၊ ဒဏ်ရာရရှိသူ စာရင်းအတိအကျဖြင့် သတင်းထုတ်ပြန်ထားသည်။
ဒဏ်ရာရ စာရင်း – https://archive.ph/QU5jI
သေဆုံးခဲ့သူ စာရင်း – https://archive.ph/NM6hD
ဒီဇင်ဘာလ ၁၁ ရက် ည ၈ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်မှ အရပ်သားပြည်သူများ နေထိုင်ရာ င/လုံးစု ကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူ ၉ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာ ရရှိခဲ့ ကြောင်း အေအေက ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်လင့်ခ် – https://archive.ph/wip/AvsJS
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကော်မရှင်တပ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ ပြည်သူနေအိမ်များပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ယခင်ကလည်း စစ်ကော်မရှင်တပ်က ရခိုင်ပြည်နယ်အတွင်းသို့ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ ပြီး စစ်တပ်လော်ဘီများက သတင်းအတု၊ သတင်းအမှားများ ဖြန့်ဝေခဲ့ဖူးသည်။
စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ရခိုင်ပြည်နယ်ရှိ အေအေဘိန်းစန်းကို ဗုံးကြဲရှင်းလင်းဟု ဖြန့် ဝေနေခြင်းသည် ဖြစ်စဉ်အမှန်ကို ပုံဖျက်၍ သတင်းအတု ဖန်တီးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
