လောင်းလုံး တပ်စခန်းတစ်ခုကို PDF ဝင်တိုက် ၊ စစ်သား ၃ ဦးသေဆုံးဟုဆို

ဓာတ်ပုံ-လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့
ပုံစာ-တိုက်ပွဲဝင် PDF ရဲဘော်များ

တနင်္သာရီတိုင်း ၊ လောင်းလုံးမြို့နယ်အတွင်း စစ်တပ်စခန်းကို ဒေသတွင်းPDFတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒုတပ်ကြပ် အပါအဝင် စစ်သား၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် လောင်းလုံးမြို့နယ် ၊ ကျောက်နီမော်ကျေးရွာရှိ မိုက်ခရိုဝေ့တောင်ပေါ်မှ အင်အား ၁၅ ဦးခန့်ရှိ စစ်တပ်စခန်းကို လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား၄ဦးလည်း ပြင်းထန်ဒဏ် ရာရခဲ့ကြောင်း လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့က ယနေ့(ဒီဇင်ဘာ ၂၄ ရက်) မွန်းလွဲပိုင်း၌ သတင်းထုတ်ပြန်သည်။

“အလောင်းတွေကို ညတွင်းချင်း ကျောက်နီမော် သင်္ချိုင်းမှာ မီးရှို့တယ်လို့တော့ ကြားရတယ်ဗျ။ လနက(လက်နက်ကြီး) ပစ်ကူတော့မရှိဘူးဗျ။ စစ်ကူပေးဖို့ သူတို့အချိန်မရလိုက်ဘူးဗျ။ ထင်သ လောက် အောင်မြင်မှုမရလို့ ကျေနပ်အားရမှုတော့ နည်းတယ်ဗျ။ ဆက်ပြီး ဒီထက်ကောင်းအောင် ကြိုးစားဖို့ သင်ခန်းစာတွေရခဲ့တယ်ဗျ”ဟု လောင်းလုံး သံမဏိလိပ်ပြာတပ်ဖွဲ့ တာဝန်ခံ ကိုငွေပုက MPA သို့ပြောသည်။

ယင်းတိုက်ပွဲတွင် တော်လှန်ရေး ရဲဘော်များမှာ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

မိုင်ခရိုဝေ့တောင်အောက်ခြေ မီတာ ၆၀၀ ခန့်အကွာတွင် ဘုရားတောင် တပ်စခန်းတစ်ခု ရှိသေးကြောင်း သိရသည်။

ကျောက်နီမှော်ကျေးရွာသည် လောင်းလုံးမြို့နှင့် မိုင် ၂၀ ကျော်ဝေးသည်။

စစ်သားများ၏ ထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။