ကမ္ဘောဒီးယားနိုင်ငံ၊ ပွိုင်ပတ်မြို့ရှိ အွန်လိုင်းလောင်းကစား ဝဘ်ဆိုက်ကြီးတစ်ခုတွင် ပါဝင်ပတ်သက်သည်ဟု ယူဆရသည့် ထိုင်းဇနီးမောင်နှံနှစ်ဦးကို ချင်းမိုင်မြို့၌ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ပြီး၊ တန်ဖိုးကြီးကားများနှင့် ဇိမ်ခံပစ္စည်းများ အပါအဝင် ပိုင်ဆိုင်မှုများကို သိမ်းဆည်းခဲ့သည်။
“Thai Slot Extra 88 VIP” ဟု အမည်ပေးထားသော အဆိုပါ အွန်လိုင်းလောင်းကစား ကွန်ရက်သည် ငွေစီးဆင်းမှုပမာဏမှာ ဘတ် ၁ ဘီလီယံထက်မနည်း ရှိကြောင်း ထုတ်ပြန်ထားသည်။
ချင်းမိုင်မြို့၊ ဒွိုင်စကက် တန်ဖိုးကြီး အိမ်ရာဝင်းတစ်ခုအတွင်း ဝင်ရောက်စီးနင်းခဲ့ရာတွင် ယခုကဲ့သို့ ဖမ်းဆည်းနိုင်ခဲ့ခြင်ဖြစ်ပြီး ၎င်းတို့ကို တရားမဝင် အွန်လိုင်းလောင်းကစား ပြုလုပ်ရန် စီစဉ်ခြင်းနှင့် ငွေကြေးခဝါချမှု စွဲချက်များဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
စီးနင်းမှုအတွင်း ဖမ်းဆီးရေးအဖွဲ့သည် Mercedes-Benz E-Class နှင့် Nissan Skyline GT-R အပါအဝင် တန်ဖိုးကြီး အားကစားကား ၅ စီး၊ ဆိုင်ကယ် ၃ စီး၊ မြေယာပိုင်ဆိုင်မှု ဂရန် ၁၂ ခုနှင့်အတူ တန်ဖိုးကြီး နာရီများ၊ ရွှေဖြင့်ပြုလုပ်ထားသော ဘုရားဆင်းတုတော်များ၊ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများနှင့် ဝါသနာရှင်များ စုဆောင်းလေ့ရှိသော Bearbrick အရုပ် ၁၈ ရုပ်တို့ကို သိမ်းဆည်းခဲ့သည်။
အာဏာပိုင်များ၏ ပြောကြားချက်အရ ခြောက်လကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ရာတွင် အဆိုပါ အွန်လိုင်းလောင်းကစားလုပ်ငန်းသည် ဘတ် ၁ ဘီလီယံခန့် ငွေကြေးအရောင်းအဝယ် ပြုလုပ်ခဲ့ပြီး ငွေကြေးစီးဆင်းမှု လမ်းကြောင်းများသည် နယ်စပ်တစ်ဖက်ရှိ ပွိုင်ပတ်မြို့နှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိရသည်။
