ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ယခုနှစ် မီးသွေးပေါ်ချိန်၌ မီးသွေးဈေးနှုန်းများ သိသိသာသာ ကျဆင်းနေသည့်အပြင် ဝယ်ယူသူလည်း ရှားပါးနေသဖြင့် မီးသွေးလုပ်ငန်းကို အဓိကအားထားလုပ်ကိုင်နေသည့် ဒေသခံများ မိသားစုစားဝတ်နေရေး အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းက မီးသွေးဈေးနှုန်းမှာ တစ်တန်လျှင် တရုတ်ယွမ်ငွေ (၁,၂၀၀) ခန့် ပေါက်ဈေးရှိခဲ့သော်လည်း ယခု ၂၀၂၅-၂၀၂၆ ခုနှစ်တွင် တစ်တန်လျှင် ယွမ် (၁,၀၅၀) ခန့်သာ ဈေးရှိတော့ကြောင်း ဒေသခံများက ဆိုသည်။
“ဒီနှစ် မီးသွေးဈေးက တစ်တန်ကို ၁,၀၅၀ ပဲ ရှိတယ်။ ဝယ်သူလည်း မရှိသေးဘူး။ တချို့ဆိုရင် အရမ်းအခက်အခဲရှိလို့ နမ့်ခမ်းမြို့မှာရှိတဲ့ တရုတ်နယ်စပ် နောင်တောင်ဂိတ်မှာ သွားရောင်းကြပေမယ့် ဈေးကတော့ အနှိမ်ခံရတာပေါ့။ တချို့ကတော့ မီးသွေးရုံတွေမှာပဲ ဒီတိုင်းပုံထားကြရတယ်။ မီးသွေးက ရောရာနဲ့ အမာသားဆိုပြီး နှစ်မျိုးရှိတယ်။ အမာသားကတော့ အသုံးခံလို့ ဈေးပိုရပေမယ့် အခုက ရှားလည်းရှားသလို ဝယ်သူကလည်း မရှိသလောက်ပဲ” ဟု မီးသွေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပါသည်။
မီးသွေးလုပ်ငန်းကို ပုံမှန်အားဖြင့် ဆောင်းရာသီနှင့် နွေရာသီတို့တွင်သာ လုပ်ကိုင်ကြသော်လည်း ဒေသခံအချို့မှာ မိသားစုစားဝတ်နေရေးအတွက် မိုးရာသီကတည်းက ကြိုတင်ထုတ်လုပ်ထားကြပြီး ဆောင်းရာသီရောက်မှ ပြန်လည်ရောင်းချကြခြင်းဖြစ်သည်။ သို့သော် ယခုနှစ်တွင် ဝယ်သူရှားပါးနေခြင်းကြောင့် ထင်သလောက် အရောင်းအဝယ်မဖြစ်ဘဲ အကျပ်အတည်းဖြစ်နေကြခြင်းဖြစ်သည်။
“ကျမတို့ဆိုရင် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး။ မနှစ်ကလည်း ဈေးမကောင်းလို့ မရောင်းဘဲ သိမ်းထားတာ၊ ဒီနှစ်က ပိုဆိုးသွားတယ်။ ရောင်းပြန်ရင်လည်း ဈေးက အရင်ထက် ကျနေတယ်။ မရောင်းပြန်ရင်လည်း မိသားစုစားစရိတ်က ရှိသေးတယ်။ တချို့ရောင်းတဲ့သူတွေလည်း ရှိပေမယ့် ဈေးကောင်းမရတော့ ကုန်ကျစရိတ်တောင် ပြန်မကာဘူး။ အခြေအနေကို ဆက်ကြည့်ဦးမယ်၊ ဈေးမတက်လာရင်တော့ နောက်နှစ်တွေ မီးသွေးဆက်လုပ်ဖို့ အဆင်မပြေတော့ဘူး” ဟု ကောင်းတပ်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
ထို့အပြင် မီးသွေးဒိုင်များနှင့် ပွဲစားများဘက်တွင်လည်း တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် လမ်းကြောင်း အခက်အခဲများကြောင့် ဈေးကောင်းမပေးနိုင်ဘဲ ဖြစ်နေသည်။
“မနှစ်က ဝယ်ထားတဲ့ မီးသွေးတွေတောင် အခုထိ ရောင်းမထွက်သေးဘူး။ အဲ့ဒါကြောင့် ဒီနှစ် ထပ်ဝယ်ဖို့က အဆင်မပြေသေးဘူး။ ကျတော်တို့ကလည်း မြတ်နိုးနိုးလေးနဲ့ ဝယ်ထားပေမယ့် မနှစ်က ဈေးမရလို့ မရောင်းလိုက်ရဘူး။ ဒီနှစ်က အရင်နှစ်ထက်တောင် အခြေအနေ ဆိုးနေတယ်။ ဝယ်မယ်ဆိုရင်တောင် တစ်တန်ကို ယွမ် ၉၀၀ ဝန်းကျင်ပဲ ပေးနိုင်မယ်။ ဘာလို့လဲဆိုတော့ ကျတော်တို့ဘက်ကလည်း တရုတ်နယ်စပ်ဘက်ကို ပို့လို့မရသေးလို့ပါ” ဟု မီးသွေးဝယ်ယူသူ လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။
နမ့်ခမ်းမြို့ရှိ ဒေသခံအများစုသည် မီးသွေးလုပ်ငန်းကိုသာ အဓိကထား လုပ်ကိုင်နေကြသူများဖြစ်ပြီး ယခုကဲ့သို့ မီးသွေးဈေးကွက် ပျက်စီးနေမှုကြောင့် စားဝတ်နေရေးအတွက် တရုတ်နိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်သူ ဦးရေလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသခံများထံမှ သိရသည်။
စာတည်း-ကိုဆန်း
