စစ်ကော်မရှင်က ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ် အတုအယောင်ရွေးကောက်ပွဲ ပထမအဆင့်တွင် မဲပေးခဲ့ကြသည့် ပြည်သူအများအပြားမှာ မည်သည့်ကိုယ်စားလှယ်ကို မဲပေးရမည်မှန်း မသိရှိဘဲ စစ်တပ်၏ ဖိအားကြောင့်သာ မဲရုံသို့ သွားရောက်ကာ အဆင်ပြေသလို မဲပေးခဲ့ရသဖြင့် အနှစ်သာရ လုံး၀မရှိသည့် ရွေးကောက်ပွဲတစ်ခုသာဖြစ်ခဲ့ကြောင်း ပြည်သူများက ဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် မဲပေးမှုအတွင်း ရန်ကုန်နှင့် အခြားမြို့ကြီးများရှိ မဲရုံများသို့ ရောက်ရှိလာသူ အများစုမှာ နိုင်ငံရေးအရ ယုံကြည်ချက်ကြောင့်မဟုတ်ဘဲ နောက်ဆက်တွဲ ပြဿနာများကို စိုးရိမ်သဖြင့် လာရောက်ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ကြသည်။
ရန်ကုန်မြို့ခံ မဲပေးခဲ့သူ အမျိုးသားတစ်ဦးက “ကျတော်တို့က ဖိအားကြောင့်သာ မဲပေးဖို့ သွားခဲ့ရတာပါ။ မဲရုံထဲရောက်တော့ ဒီတိုင်းပဲ အဆင်ပြေသလို ခလုတ်နှိပ်ခဲ့တာမျိုးပဲ လုပ်ခဲ့ရတာ” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
ထို့အပြင် မဲပေးခွင့်ရှိသူ စာရင်းကို ရပ်ကွက်အာဏာပိုင်များ၊ စစ်တပ်နှင့် နီးစပ်သူများက အနီးကပ် စောင့်ကြည့်မှုများ ရှိနေသောကြောင့် မဲရုံမသွားပါက တစ်စုံတစ်ခုဖြစ်လာမည်ကို စိုးရိမ်ကာ မဲပေးခဲ့ရသူများလည်း ရှိနေသည်ဟု ဆိုကြသည်။
“ကိုယ်က မဲမပေးချင်ပေမဲ့ မသွားလို့ မရဘူး။ မဲရုံထဲမှာ ဘယ်သူ့မဲပေးရမလဲဆိုတာထက် ဘယ်အချိန် မြန်မြန်ပြန်ရမလဲဆိုတာကိုပဲ စိတ်စောနေခဲ့တာ” ဟု ရန်ကုန်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။
ဤအခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “အခုရွေးကောက်ပွဲမှာ မဲပေးသူ အရမ်းနည်းနေတယ်ဆိုကတည်းက ပြည်သူ့ထောက်ခံမှု မရှိတာ သိသာပါတယ်။ အများစုက ဘယ်သူ့ပေးရမှန်းမသိတာ၊ နောက်ပြီး အတင်းအကျပ် ပေးခဲ့ရသူတွေ ပါဝင်နေတာက ဒီရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ လုံးဝမရှိဘူးဆိုတာကို ပြနေတာပါ”ဟု ပြောသည်။
လေ့လာသူများ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ပြည်သူများသည် မိမိတို့ နှစ်သက်သည့် ကိုယ်စားလှယ်ကို သေသေချာချာ သိရှိရွေးချယ်ခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်မူ မဲဆွယ်စည်းရုံးမှုများ အားနည်းခြင်းနှင့် ပြည်သူများ၏ စိတ်ပါဝင်စားမှု မရှိခြင်းတို့ကြောင့် မဲရုံသို့ ရောက်လာသူများမှာ ကိုယ်စားလှယ်လောင်းအမည်၊ ပါတီအမည်နှင့် မူဝါဒကို မသိရှိကြခြင်း ဖြစ်သည်ဟုဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်က အတုအယောင်ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု ပုံဖော်နေသော်လည်း မြေပြင်တွင်မူ ပြည်သူများသည် စိုးရိမ်စိတ်နှင့် ဖိအားများကြားတွင် စိတ်ပါဝင်စားမှုမရှိသော မဲတစ်ပြားကို အနှစ်သာရမဲ့စွာ ပေးခဲ့ကြရသည့် အခြေအနေသာ ဖြစ်နေသည်ဟု စုံစမ်းသိရှိရသည်။
စာတည်း-ကိုဆန်း
