ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ ကံကြီးရွာပေါ်သို့ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်လော်ဘီများ က KIA နှင့် PDF များ ခိုအောင်းရာ နေရာဟု သတင်းအတုများ ဖြန့်ဝေနေကြသည်။
“Truth Wave” အမည်ရှိ တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၃၀ရက် မွန်းလွဲပိုင်းတွင် “ဗန်းမော်မြိုနယ်မှာ၂၈ ရက်နေ့က KIA +PDF များခိုအောင်းရာ နေရာကို ဗုံးကြဲရှင်းလင်း ခဲ့တယ်လို သိရပါတယ်”ဟု (မူရင်းရေးသား ချက်) ရေးသားကာ ဗုံးဒဏ်ကြောင့် သေဆုံးနေသော ရုပ်အလောင်း၊ မီးလောင်ပျက်စီးနေမှုများအား ရိုက်ကူးထား သော ရုပ်သံဖိုင်နှင့်အတူ ဖြန့်ဝေထားသည်။ သတင်းအတု ဖြန့်ဝေထားသောလင့်ခ် – https://archive.ph/r4npO
စစ်တပ်လော်ဘီ “ဆင်ဖြူရှင်”တယ်လီဂရမ်ချန်နယ်ကလည်း ကူးယူဖြန့်ဝေထားသည်။
ဖြန့်ဝေထားသောလင့်ခ် – https://archive.ph/UPGRf
အဆိုပါ အကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်မီဒီယာဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သတင်းအတုဖြစ်ကြောင်း သက်သေပြ စစ်ဆေးချက်
ဖြန့်ဝေထားသော ရုပ်သံဖိုင်ကို inVID verification tool အသုံးပြု၍ ရရှိထားသော ရုပ်ပုံ Keyframe များကို Google Lens တွင် ထပ်မံရှာဖွေစစ်ဆေးကြည့်ရာ ရွှေဖီမြေသတင်းဌာနက သတင်းရုပ်သံဖိုင်နှင့် ထပ်တူညီနေ သည်။
ရွှေဖီမြေသတင်းတွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၊ ကမ္ဘနီကျေးရွာအုပ်စု၊ ကံကြီးကျေးရွာ ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၈ ရက် နေ့လည်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက် ခိုက်သဖြင့် အရပ်သားများ ထိခိုက်သေဆုံးပြီး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/cn8hc
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဗန်းမော် ကံကြီးရွာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ Voice Of Myanmar သတင်းမီဒီယာက သတင်းဖော်ပြထားသည်။
VOM ၏ သတင်းတွင် ဗန်းမော်မြို့ အနီးက ကံကြီးရွာ၌ ရွေးကောက်ပွဲ ကျင်းပသော ဒီဇင်ဘာလ ၂၈ ရက်နေ့က လေကြောင်း ဗုံးကြဲခဲ့သဖြင့် နေအိမ် တချို့ မီးလောင်သွားပြီး လူ ထိခိုက် သေဆုံးမှုရှိကြောင်း ၊ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြိး အဖွားအိုတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းဖော်ပြထားသည်။
သတင်းလင့်ခ် – https://bitly.cx/3w746
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ရုပ်သံဖိုင်တွင် ဗုံးကြဲခံရပြီးနောက် နေအိမ်များ မီးလောင်နေကြောင်း တွေ့ရသဖြင့် ကမ္ဘာပေါ်ရှိ မီးလောင်မှု ဖြစ်စဉ်များကို သိရှိနိုင် NASA ၏ Fire Information for Resource Management System(FIRMS) ၌ ရှာဖွေခဲ့သည်။
FIRMS တွင် ဒီဇင်ဘာ ၂၈ရက်၌ ကံကြီးရွာ၏ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အနီရောင်အမှတ်အသားကို ပြသထားသည်။ ကြည့်ရန်လင့်ခ် – https://bitly.cx/jXLIu
သုံးသပ်ချက်
Fact-Checking နည်းစနစ်များ အသုံးပြု၍ အချက်အလက်စစ်ဆေးမှုများနှင့် သတင်းမီဒီယာများ၏ ဖော်ပြ မှုအရ ဗန်းမော်အနီးရှိ ကံကြီးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး အဘွားအိုတစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရှိရသည်။
ဗုံးဒဏ်ကြောင့် KIA နှင့် PDF တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားခြင်းမရှိ ပေ။
ပြည်သူနေထိုင်ရာ ရွာပေါ်သို့ စစ်တပ်က ဗုံးကြဲမှုအား စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက “KIA နှင့် PDF များ ခိုအောင်းရာ နေရာ” ဟု ဖြန့်ဝေထားခြင်းသည် သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
