စစ်ကော်မရှင်က ကျင်းပသည့် ပထမအဆင့် ရွေးကောက်ပွဲတွင် အရေးနိမ့်ခဲ့သည့် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြည်သူများအနေဖြင့် မဲပေးရန် ချီတုံချတုံ ဖြစ်နေသည်ဟု စွပ်စွဲလိုက်ပြီး ကျန်ရှိနေသည့် ရွေးကောက်ပွဲအဆင့်များတွင် ၎င်းတို့ပါတီကို မဲပေးကြရန် ယမန်နေ့က တိုက်တွန်းလိုက်သည်။
ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့သည့် စစ်ကော်မရှင်၏ ပထမအဆင့် ရွေးကောက်ပွဲတွင် ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ၊ ဒေါက်တာအေးမောင် ဦးဆောင်သည့် ရခိုင့်ဦးဆောင်ပါတီနှင့် ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီတို့မှ အမတ်လောင်းအများစုမှာ ရှုံးနိမ့်ခဲ့ကြသည်။
“တချို့နေရာတွေမှာဆိုရင် ထောင်နဲ့ချီ မဲဆန္ဒရှင်တွေ ရှိပါလျက်နဲ့ အနိုင်ရတဲ့ မဲပမာဏက ၁၀၀ ကျော်လောက်နဲ့ အနိုင်ရသွားတာတွေကိုကြည့်ရင် မဲမပေးတဲ့သူတွေရဲ့ စိတ်ဆန္ဒတွေ ပါမသွားဘူးဆိုတာကို ကျွန်တော်တို့ သတိပြုမိပါတယ်။ ဒါကြောင့် ဒုတိယအသုတ်နဲ့ တတိယအသုတ်တွေမှာ ချီတုံချတုံဖြစ်နေရင်တောင်မှ ငါတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ဒီရလဒ်ကို ပြောင်းပစ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ပြည်သူ့ပါတီကို မဲပေးကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ဦးကိုကိုကြီးက ပြောသည်။
ဦးကိုကိုကြီး၏ အဆိုပါ ပြောကြားချက်အပေါ် ပြင်းထန်သော ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
“ကျွန်တော်တို့က ချီတုံချတုံ ဖြစ်နေတာ မဟုတ်ပါဘူး၊ ဒါကို ရွေးကောက်ပွဲလို့ကို မယူဆတာပါ။ အရင်က ပေးခဲ့တဲ့ မဲတွေတောင် အရာမထင်ဘဲ အခုမှ ဘာသွားလုပ်ရမှာလဲ။ မဲပေးပေး၊ မပေးပေး ရလဒ်က သူတို့ (စစ်တပ်) သတ်မှတ်ပြီးသားပဲလို့ မြင်တယ်” ရန်ကုန်မြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ပြည်သူတစ်ဦးက ဆိုသည်။
နိုင်ငံရေးလေ့လာသူတစ်ဦးက ဦးကိုကိုကြီးသည် ပြည်သူ့ဆန္ဒထက် စစ်ကော်မရှင်၏ ရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်မှု ရရှိရန်သာ အားသန်နေသည်ဟု ဝေဖန်လိုက်သည်။
“ချီတုံချတုံဖြစ်သွားတာက သူပါ။ ပြည်သူအများစုရဲ့ ဆန္ဒဟာ ဘာလဲဆိုတာကို သူ မသိတာပါ။ စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ တရားဝင်ခွင့်ရဖို့ဆိုပြီး ငမ်းငမ်းတက်နဲ့ ပါဝင်ခဲ့တာပဲလေ။ အခု ပထမအဆင့် အခြေအနေမကောင်းတော့ ပြောချင်ရာပြောလာတယ်။ ပြည်သူကပဲ အသုံးမကျတော့သလို၊ မဲလိုချင်ရင် ရှင်းရှင်းလေး ပြည်သူယုံကြည်အောင်လုပ်၊ ပြည်သူတွေဘက်မှာနေ” ဟု အဆိုပါ လေ့လာသူက ပြောသည်။
လက်ရှိတွင် ပထမအဆင့် တရားဝင်ရလဒ်များကို ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အရာရှိတစ်ဦးက ဒီဇင်ဘာ ၂၈ ရက်တွင် ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာ ၁၀၂ နေရာအနက် ၈၂ နေရာတွင် ၎င်းတို့အနိုင်ရရှိခဲ့ကြောင်း AFP သတင်းဌာနသို့ ဒီဇင်ဘာ ၂၉ ရက်တွင် ပြောကြားထားသည်။
စစ်ကော်မရှင်က ကျင်းပနေသည့် ရွေးကောက်ပွဲကို အဆင့်သုံးဆင့်ဖြင့် ခွဲခြားကျင်းပနေခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ဒုတိယနှင့် တတိယအဆင့် မဲပေးမှုများကို ဇန်နဝါရီ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ဆက်လက်ပြုလုပ်ရန် စီစဉ်ထားသည်။ အဆိုပါ ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးကို သက်တမ်းရှည်စေရန်သာ ဖြစ်သည်ဟု ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများက ရှုတ်ချထားကြသည်။
