၈၁ မြို့နယ်အတွင်း ကြံ့ဖွံ့ပြည်သူ့လွှတ်တော်အမတ်လောင်းများ ရရှိခဲ့သည့် ကြိုတင်မဲစုစုပေါင်းသည် အခြားပါတီများနှင့်တစ်သီးပုဂ္ဂလများ စုစုပေါင်းရရှိခဲ့သည်ထက် များစွာသာနေကြောင်း Data for Myanmar ၏စစ်တမ်းက ဆိုသည်။
ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သော ၈၁ မြို့နယ်အတွင်း တရားမဝင်ရွေးကောက် ပွဲဝင်ပြိုင်သည့် ပြည်သူ့လွှတ်တော်အမတ်လောင်း တစ်ဦးချင်းစီရရှိသော မဲများကို Data for Myanmar က စိစစ်ခဲ့ရာ ၈၁ မြို့နယ်အတွင်း ကြံ့ဖွံ့ ပြည်သူ့လွှတ်တော်အမတ်လောင်း ၈၁ဦး ရရှိသည့် ကြိုတင်မဲစုစုပေါင်းမှာ ၃သိန်း၄သောင်းကျော်(၃၄၂,၆၄၂မဲ)ဖြစ်ပြီး ယင်း၈၁မြို့နယ်အတွင်း အခြားပါတီများနှင့် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော်အမတ်လောင်း ၃၆၂ဦး ရရှိသည့် ကြိုတင်မဲစုစု ပေါင်းမှာ ၆သောင်း၄ထောင်ကျော်(၉၄၆၆၆မဲ)ဖြစ်သည်။
“ကျနော်တို့မွန်ပြည်နယ်ထဲမှာလည်း ကြိုတင်မဲ ဘယ်အချိန် ကောက်သွားသလဲဆိုတာကို ကြံ့ဖွံ့က လွဲလို့ ဘယ်ပါတီမှ မသိလိုက်ဘူး။ရွေးကော်နဲ့ကြံ့ဖွံ့နဲ့ပေါင်းပြီး ကြိုတင်မဲ လိုက်ယူတာလို့ထင်တယ်။ ပြဿနာက ကျနော်တို့ဆီက ပါတီတွေက မွန်ပါတီ(မွန်ညီညွတ်ရေးပါတီ)ကအစ ကြံ့ဖွံ့ကို ကြောက်နေကြတော့ မပြောရဲကြရှာဘူး။သူတို့ကိုယ်သူတို့တော့ နိုင်ငံရေးသမားလို့ ပြောကြတာပဲ”ဟု ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPA သို့ပြောသည်။
ကြိုတင်မဲကောက်ယူရာတွင် ပွင့်လင်းမြင်သာမှု အားနည်းနေကြောင်း ရှမ်းနှင့်တိုင်းရင်းသားများဒီမို ကရက်တစ်ပါတီ(ကျားဖြူ)နှင့် တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ စာပို့အကြောင်းကြားထားကြောင်းနှင့် ကြိုတင်မဲပေးမည့်အရေအတွက်ကို မသိခြင်းနှင့် ကြိုတင်မဲကောက်ယူချိန်၌ ကြံ့ဖွံ့တစ်ပါတီတည်းကို လိုက်ပါခွင့်ပေးခြင်းသည် လွတ်လပ် မျှတသည့်အချက်မဟုတ်ကြောင်း တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဌ ကျော်စွာစိုး က ပြောသည်ဟု BBCသတင်း၌ ဖော်ပြထားသည်။
ထူးခြားချက်အနေနှင့် ကျောက်ဖြူမြို့နယ်တွင် ကြံ့ဖွံ့အမတ်လောင်းရရှိသည့် ခိုင်လုံမဲအနက် ကြိုတင် မဲ ၄၇ရာခိုင်နှုန်းရှိပြီး သံတောင်ကြီးမြို့နယ်တွင် ကြိုတင်မဲ ၈၃ရာခိုင်နှုန်း၊ဘောလခဲမြို့နယ်တွင် ကြို တင်မဲ ၇၉ရာခိုင်နှုန်းနှင့် ဟားခါးမြို့နယ်တွင် ကြိုတင်မဲ၅၂ရာခိုင်နှုန်းရရှိခဲ့ကြောင်း Data for Myanmar ကဆိုသည်။
အခြားပါတီ ကိုယ်စားလှယ်လောင်းများက မဲရုံမဲအရ အနိုင်ရခဲ့သော်လည်း ကြိုတင်မဲအရေအတွက်တွင် မယှဉ်နိုင်သဖြင့် ကြံ့ဖွံ့ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ရသည့် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များမှာ ကျောက်ဖြူ၊ မိုးညှင်း၊ ဘားအံ၊ တီးတိန်နှင့် မြိတ်မြို့နယ် တို့ဖြစ်ကြောင်း Data for Myanmar ထုတ်ပြန်ထားသည်။
