ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ပြည်သူ့နေအိမ်များတွင် နိုင်ငံတော်အလံမလွှင့်လျှင် ဒဏ်ရိုက်မည်ဟု စစ်ကော်မရှင်က လိုက်လံခြိမ်းခြောက်နေကြောင်း သိရသည်။
ဇန်နဝါရီ ၄ရက်နှင့် ယနေ့ ( ဇန်နဝါရီ ၅ရက် ) နံနက်ပိုင်းတို့တွင် ရေတာရှည်မြို့နယ်၊စစ်တောင်း မြစ် အနောက်ဘက်ကမ်းရှိ သိုင်းဝကျေးရွာအုပ်စုနှင့် ကွင်းကြီးကျေးရွာအုပ်စုတို့၌ နိုင်ငံတော်အလံကို မဖြစ်မနေ ထောင်ရမည်ဖြစ်ကြောင်းနှင့် မထောင်ပါက ဒဏ်ငွေ ကျပ်၆သောင်းရိုက်မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေး၊ စစ်သားနှင့် ပျူစောထီးတို့က လိုက်လံခြိမ်းခြောက်နေကြောင်း ရေတာရှည်မြို့နယ် သတင်းရင်းမြစ်ထံက သိရသည်။
” ရွေးကောက်ပွဲကို ထောက်ခံတယ်၊ တပ်မတော်ကို အများပြည်သူကထောက်ခံတယ်ဆိုတဲ့ပုံစံ ဖြစ်အောင်လို့ အလံထောင်ခိုင်းတာပါ။ အိမ်တိုင်းစေ့မှာ အလံထောင်ရမယ်လို့ပြောပါတယ်။ ပြည်သူ အနေနဲ့ကလည်း အခုလို သူတို့ ခိုင်းတာ မလုပ်ရင် ဒဏ်ငွေ ဆောင်ရမယ်ဆိုတော့ မဖြစ်မနေ ထောင် ပေးရတာပေါ့။ အမြင်ကတ် ပုဒ်မနဲ့ စစ်မှုထမ်းခေါ်မှာကိုလည်း ကြောက်ရသေးတာကိုး” ဟု ၎င်းက MPA ကို ပြောသည်။
ယင်းကျေးရွာအုပ်စုများသည် အတုအယောင် ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်ပြီး ဇန်နဝါရီလ ၁၁ရက်၌ မဲပေးကြရမည်ဖြစ်ကြောင်း ရွာများ၌ လိုက်လံစာကပ်ထားသည်ဟုလည်း သိရသည်။
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင်မူ စစ်တပ်နှင့် PDF တို့ ယနေ့နံနက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
” စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာ ဒီမနက်ပိုင်း တိုက်ပွဲတွေဖြစ်နေပါတယ်။ အခြေအနေ မငြိမ်သေးလို့ ဘာမှပြောလို့မရသေးပါဘူး” ဟု ယနေ့ မွန်းလွဲ ၁နာရီခန့်တွင် ရေတာရှည်မြို့နယ်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၃၀ ရက်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အရေးပါသည့် အိုးမြေဒူးစခန်းကို PDF တို့ တိုက်ခိုက်သိမ်းပိုက်ထားကြောင်း Nay Pyi Taw PDF က ဇန်နဝါရီ ၁ရက်တွင် သတင်းထုတ်ပြန်ထားသည်။
