မကွေးတိုင်း၊ မကွေးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များ၏ အလုပ်ခိုင်းစေမှုကို ငြင်းဆိုသဖြင့် နိုင်ငံရေးအကျဉ်းသား ၃၅ ဦး ရိုက်နှက်ခံရပြီး တစ်လနီးပါးကြာသည်အထိ တိုက်ပိတ်ခံထားရကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၈ရက်က မကွေးအကျဉ်းထောင်၊ အမျိုးသားဆောင်၄ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်များကို ဆေးခိုင်းရာမှ ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း မကွေးအကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။
” အဆောင် (၄)မှာဖြစ်တာ၊ ရိုက်တာက နံပါတ်တုတ်ခေါ်မလားဘဲ လက်ကိုင်ထုတ်နဲ့ပါ၊ မြေပြင်မှာမှောက်ခိုင်းပြီး ဝါယာကြိုးအတုတ်တွေနဲ့ရိုက်တာပါ၊ အရိုက်ခံရသူတွေကတော့ တိုက်ပိတ်ထားလို့ အတိအကျမသိရသေးဘူး၊ တိုက်ကထွက်လာမှ မိသားစုတွေ လူတွေ့သွားမှဘဲသိရမှာ” ဟု မကွေးအကျဉ်းထောင်နှင့်နီးစပ်တစ်ဦးက ပြောသည်။
မကွေးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများအား အကျဉ်းထောင်တစ်ခုလုံးရှိ စားပြီးသားပန်းကန်များကို လူ ၁၀ ဦးတစ်ဖွဲ့စီဖြင့် ထောင်အာဏာပိုင်များက ဆေးကြောရန် ခိုင်းစေခဲ့ပြီး မဆောင်ရွက်နိုင်ကြောင်း ပြောဆိုသည့် နိုင်ငံရေးအကျဉ်းသားများအား ထောင်အာဏာပိုင်များက ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထောင်အာဏာပိုင်များ၏ အတင်းအဓမ္မအလုပ်ခိုင်း စေခြင်းကို ငြင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများကို ခေါင်းငုံ့ထိုင်ခိုင်းခြင်း၊ ခေါင်းမငုံ့သူများကို မျက်နှာအဝတ်စည်းပြီး ရိုက်နှက်ခြင်း၊ နေပူလှန်းခြင်းများ ပြုလုပ်ခဲ့ပြီး ခေါင်းကွဲဒဏ်ရာရရှိသူများလည်း ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
အထက်ပါဖြစ်စဉ်ကြောင့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၃၅ ဦး တိုက်ပိတ်ခံခဲ့ရပြီး ဒီဇင်ဘာလ ၈ ရက်မှ ယနေ့ (ဇန်နဝါရီလ ၅ရက်)အထိ ဆက်လက် တိုက်ပိတ်ခံထားရဆဲဖြစ်ကာ ရိုက်နှက်ခံရသူများ၏ ကျန်းမာရေးအခြေအနေများကို မိသားစုဝင်များမှ အတိအကျ မသိရှိရသေးပေ။
ထို့ပြင် ဒီဇင်ဘာလ ၁၇ရက်က မကွေးအကျဥ်းထောင်အတွင်း ထောင်ဝန်ထမ်းများသည် ဈေးဘားများ၌ မတန်တဆဈေးများဖြင့် ရောင်းချနေသည့်အတွက် ထောင်ဝန်ထမ်းများ၏ဝင်ငွေကို ဖြတ်တောက်နိုင်ရန် ကွမ်းဖြတ်တောက် ရေးလှုပ်ရှားမှုကို နိုင်ငံရေးအကျဉ်းသားများက ပြုလုပ်ခဲ့ကြသဖြင့် နိုင်ငံရေးအကျဉ်းသား ၁၁ဦးကို ထောင်ဝန်ထမ်းများက ရိုက်နှက်ကာ ခြေကျင်းများခတ်ပြီးနောက် ယနေ့အထိ တိုက်ပိတ်ထားကြောင်း သိရသည်။
” အဆောင် ၂မှာ ဖြစ်တာပါ၊ အဓိကကတော့ ထောင်ဝန်ထမ်းတွေရဲ့ဝင်ငွေကိုဖြတ်တောက်ဖို့ပါ၊ ထောင်ကရောင်းတဲ့ ကွမ်းဝယ်မစားဘဲ ကွမ်းဖြတ်တဲ့လှုပ်ရှားမှုမှာ ပါဝင်ဖို့စည်းရုံးတဲ့သူ ၁၁ယောက်ကို ရိုက်နှက်၊ခြေကျင်းခတ်၊တိုက်ပိတ်ပြီး ထောင်ဝင်စာပါဆယ်နှင့်လူတွေ့ခွင့်ပါ ပိတ်ထားပါတယ် ” ဟု မကွေးအကျဉ်းထောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၂၀၂၅ခုနှစ်၊ စက်တင်ဘာလမှစကာ မကွေးအကျဉ်းထောင်ရှိ ထောင်အာဏာပိုင်များသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို သိသိသာသာကျူးလွန်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ပြန်ကြားရေးတာဝန်ခံ မရောင်နီလင်းက ပြောသည်။
” ထောင်ဝန်ထမ်းတွေရော သူတို့ရဲ့လက်ကိုင်တုတ်အခြားအကျဉ်းသားတွေကနေရော၊ သိသိသာသာ ကျူးလွန်လာတယ်၊ ပြင်းထန်တဲ့လက်နက်အမျိုးအစားတွေကို သုံးပြီးရိုက်နှက်တာ၊ တိုက်ပိတ်တာ တွေ ဖြစ်တယ်၊ ထောင်အာဏာပိုင်တွေကလည်း သိရဲ့သားနဲ့ မျက်နှာလွှဲ ခဲပစ်လုပ်တာမျိုးတွေ ရှိတယ်၊ ဒါကြောင့်မို့ PPNMအနေနဲ့ မကွေးထောင်ဖြစ်စဉ်မှာ လူအခွင့်အရေးချိုးဖောက်မှုတွေအပေါ် ရှုတ်ချပါတယ်၊ ပြီးတော့ ဒီဖြစ်စဉ်တွေကို ဆက်လက်စောင့်ကြည့်ပြီး မှတ်တမ်းတင်သွားမှာ ဖြစ်ပါတယ် ” ဟု ၎င်းက ပြောသည်။
စစ်တပ် အာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်မှ၊ ဒီဇင်ဘာလ ၃၁ရက်အထိ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရသူစုစုပေါင်း ၃၀၂၁၆ဦးထိရှိပြီး သေဆုံးသူစုစုပေါင်း ၇၆၄၀ဦးထိရှိကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ သိရသည်။
