မြောင်တွင် စစ်တပ် ကြဲချသည့် ဗုံးကြောင့် အိမ်ထဲတွင်ရှိနေသည့် သမီးနှင့်အဖေ သေဆုံး

ပုံစာ- ဂျိုင်ရိုကော်ပတာ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သမီးနှင့် အဖေတို့နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ ( ဇန်နဝါရီ ၅ ရက် ) နံနက် ၁၀နာရီခွဲခန့်က မြောင်မြို့နယ်၊ နဘက်ကျေးရွာကို ဂျိုင်ရိုကော်ပတာ ၃ စင်းဖြင့် ဗုံးသီးနှစ်လုံးကြဲချခဲ့ရာ ယင်းရွာနေ အသက် ၆၀ ကျော်အရွယ်ရှိ ဦးအေးကိုနှင့် ၎င်း၏သမီးဖြစ်သူ အသက် ၃၅ နှစ်အရွယ်ရှိ မဒေဝီကျော်တို့ နေအိမ်ထဲ၌ ရှိနေစဉ် ဗုံးသင့် သေဆုံးခဲ့ကြောင်း သိရသည်။

” ဗုံးသီးက ၂လုံးတည်းကြဲတာ။ ၁၂၀ ‌ဗုံးသီးလို့ ခန့်မှန်းရပါတယ်။ ရွာရဲ့ အလည်တည့်တည့်ကို ကြဲတာ။ တစ်လုံးပဲကွဲတယ်။ နေအိမ်ပေါ် တည့်တည့်ကျတာပါ။ နောက်တစ်လုံးက မကွဲဘူး” ဟု မြောင်မြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။

မပေါက်ကွဲသည့် နောက်ဗုံးသီးတစ်လုံးမှာ ရွာထဲရှိ မြသိန်းတန်ဘုရားနားသို့ ကျခဲ့ပြီး ကျသည့်နေရာ၌ ချိုင့်ခွက်ဖြစ်သွားကြောင်း သိရသည်။

” တိုက်ပွဲမဖြစ်ဘဲကို လာပစ်တာပါ။ ဒါပေမဲ့၊ နဘက်ရွာနဲ့ အနီးအနားမှာ ကျောက်ရစ်ရဲစခန်းရှိတယ် လေ။ အဲဒီရဲစခန်းကို ရေစကြိုဘက်က လူအင်အားလာဖြည့်တဲ့ စစ်ကြောင်းရောက်နေတယ်တော့ ကြားတယ်။ ရွာသားတွေ အခြေအနေကြည့်နေရတာပေါ့။ လေကြောင်းရန်ရော စစ်ကြောင်းရန်ရော ” ဟု ၎င်းကဆက်လက်ပြောသည်။

နဘက်ရွာသည် ကျောက်ရစ်ရွာ၏ အရှေ့ဘက် ၆မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၁၀၀၀ ခန့်ရှိသည့် ရွာကြီးဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း နိုင်ငံတဝန်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၁၇၆ ဦးသေဆုံးကာ ၃၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ယနေ့ ထုတ်ပြန်ထားသည်။