ဝန်ထမ်းအိမ်ရာကို ဓားစာခံလုပ်ပြီး မိသားစုဝင်များပါ မဲပေးရန် စစ်ကော်မရှင် အကျပ်ကိုင်၊ မလိုက်နာပါက အိမ်ရာမှနှင်ချမည်ဟု ခြိမ်းခြောက်

ဓာတ်ပုံ-လူမှုကွန်ရက်

အတုအယောင် ရွေးကောက်ပွဲတွင် Non-CDM ဝန်ထမ်းများ၏ မိသားစုဝင်များ မဲမပေးပါက နေထိုင်နေသည့် ဝန်ထမ်းအိမ်ယာများမှ နှင်ချမည်ဟု စစ်ကော်မရှင်က ခြိမ်းခြောက် အကျပ်ကိုင်ထားသည်ဟု အဆိုပါ ဝန်ထမ်းများထံမှ စုံစမ်းသိရသည်။

စစ်ကော်မရှင်က ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် မဲစာရင်းပြည့်မီစေရန်အတွက် Non-CDM ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး ယခုကဲ့သို့ အကျပ်ကိုင် ခြိမ်းခြောက်မှုများ ပြုလုပ်နေခြင်းလည်းဖြစ်သည်။

အာဏာသိမ်းစစ်တပ်လက်အောက်တွင် တာဝန်ထမ်းဆောင်နေရသော Non-CDM ဝန်ထမ်းများအားလုံး မဖြစ်မနေ မဲပေးရမည်ဖြစ်ကြောင်း နေပြည်တော်ရှိ စစ်ကော်မရှင်ဌာနချုပ်မှ လျှို့ဝှက်ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းဖြစ်သည်။ အဆိုပါညွှန်ကြားချက်ကို ဌာနဆိုင်ရာအကြီးအကဲများနှင့် စက်ရုံမှူးများမှတစ်ဆင့် ဝန်ထမ်းများထံသို့ ဖိအားပေး ပြောဆိုနေခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် တာဝန်ထမ်းဆောင်နေသော လုပ်သက်ရင့် Non-CDM ဝန်ထမ်းတစ်ဦးက “ဒါဟာ နေပြည်တော်ကစာထုတ်ထားတာလို့ သိရတယ်။ စက်ရုံမှူးကတော့ ညည်းတို့ မဲမပေးဘဲနေလို့မရဘူး၊ ပေးကိုပေးရမယ်လို့ ပြတ်ပြတ်သားသား ပြောထားတယ်” ဟု ဆိုသည်။

ယခုအကြိမ် အကျပ်ကိုင်မှုသည် ဝန်ထမ်းတစ်ဦးတည်းတင်မကဘဲ အိမ်ရာများတွင် အတူနေထိုင်ကြသည့် မိသားစုဝင်များအထိပါ သက်ရောက်နေခြင်းဖြစ်ကာ မဲစာရင်းတွင် အမည်ပါဝင်သည့် မိသားစုဝင်မှန်သမျှ တစ်ယောက်မကျန် မဲပေးရမည်ဖြစ်ပြီး ပျက်ကွက်ပါက “ဝန်ထမ်းလိုင်းခန်းများမှ ချက်ချင်းဆင်းပေးရမည်” ဟု ခြိမ်းခြောက်ထားခြင်းဖြစ်သည်။

“မဲစာရင်းမှာပါတဲ့ မိသားစုဝင်မှန်သမျှ ပေးရမယ်လို့ ပြောပါတယ်။ မပေးရင် လိုင်းခန်းကနေ ဆင်းပေးရမယ်လို့ ပြောတော့ ကျွန်မတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး” ဟု ဝန်ထမ်းမိသားစုဝင်တစ်ဦးက ရင်ဖွင့်သည်။

မသမာမှုများနှင့် စိတ်ဓာတ်စစ်ဆင်ရေး စစ်ကောင်စီသည် ဒီဇင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင်လည်း ဝန်ထမ်းများနှင့် တပ်မိသားစုဝင်များ၏ ကြိုတင်မဲများကို အသုံးပြုကာ အရပ်ဝတ်လဲ စစ်ဗိုလ်ချုပ်များ ကြီးစိုးသည့် ကြံ့ခိုင်ရေးပါတီ (USDP) ကို အနိုင်ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ဝန်ထမ်းမိသားစုများကို အကျပ်ကိုင်ခြင်းမှာလည်း မဲရုံများတွင် လူစည်ကားဟန်ပြရန်နှင့် ၎င်းတို့စိတ်ကြိုက်ရလဒ် ထွက်ပေါ်လာစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် ဝန်ထမ်းများနှင့် မိသားစုဝင်များသည် မည်သည့်ပါတီကို မဲပေးရမည်ကို ဖိအားပေးခြင်း မရှိသေးသော်လည်း၊ မဲရုံသို့ သွားရောက်ခြင်းဖြင့် ၎င်းတို့၏ ဆန္ဒအစစ်အမှန်မဟုတ်သော မဲများကို ပေးရတော့မည် ဖြစ်သည်။

“ဘယ်ပါတီကို ပေးရမှန်းလည်း မသိဘူး၊ ပေးချင်စိတ်လည်း မရှိဘူး။ ဒါပေမဲ့ အိမ်ရာက နှင်ချမယ်ဆိုတော့ မဖြစ်မနေ သွားပေးဖို့ပဲ ပြင်ထားရတယ်” ဟု မရမ်းကုန်းမြို့နယ်တွင်နေထိုင်သည့် Non CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။

စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် နိုင်ငံတကာ ရွေးကောက်ပွဲစံနှုန်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်ပြီး၊ ပြည်သူ့ဝန်ထမ်းများ၏ အခြေခံရပိုင်ခွင့်ဖြစ်သော နေထိုင်ခွင့်ကို အသုံးချကာ နိုင်ငံရေးအရ အမြတ်ထုတ်နေခြင်း ဖြစ်ကြောင်း ဝေဖန်မှုများလည်းရှိနေသည်။

အတုအယောင်ရွေးကောက်ပွဲ အပိုင်း (၁) တွင်လည်း မသမာမှုများစွာဖြင့် ကြံ့ခိုင်ရေးပါတီက နေရာအများစုတွင် အနိုင်ရထားပြီး ဖြစ်သဖြင့် ယခုလုပ်ရပ်မှာ ရွေးကောက်ပွဲရလဒ်ကို ပုံဖော်ရန် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်နေကြောင်း သိရှိရသည်။