မြောင်တွင် တာဝန်အချိန်းအပြောင်းစစ်ကြောင်းကို PDF ဖြတ်တိုက်၊ ၆ ဦးသေဆုံးဟုဆို

ဓာတ်ပုံ - CDSOM မြောင်
ပုံစာ- တိုက်ပွဲဝင် CDSOM ရဲဘော်များ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းမှ တာဝန်အချိန်းအပြောင်းလုပ်သည့်စစ်ကြောင်းကို ဒေသခံ တော်လှန်ရေးပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံး၍ ၁၇ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ဇန်နဝါရီ ၅ရက်က ရေစကြိုမြို့အခြေစိုက် ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းများမှ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းသို့ တာဝန်လာချိန်းသည့် အင်အား ၁၅၀ ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက လိုက်လံတိုက်ခိုက်ခဲ့ရာ နံနက် ၉နာရီခန့်တွင် သနပ်ကုန်းရွာနှင့် ဇီးကျွန်းရွာကြား၌ တစ်ကြိမ်နှင့် မွန်းလွဲ ၃နာရီခန့်၌ ရွှေတချောင်းရွာနှင့် နနွင်းကိုင်းရွာကြား တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

” ပထမအကြိမ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး သူတို့ဘက်က ၈ဦး ဒဏ်ရာရသွားတယ်။ ပြီးကျ ကျောက်ရစ်ကနေ စစ်ကူရောက်လာပြီး ရဲစခန်းထဲကို ဝင်သွားကြတယ်။ နေ့လည် ၂နာရီကျ လူလဲပြီး ပြန်လာတဲ့လမ်းမှာ ကျနော်တို့ စောင့်တိုက်တာ။ ‌အဲဒီမှာ သူတို့ဘက်က ၆ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရရှိတယ်လို့ ကျနော်တို့ အတည်ပြုနိုင်ပါတယ်။တနေကုန် ကျနော်တို့ဘက်က ဒရုန်း၊ လက်နက်ကြီး ၆၀မမ လက်လုပ်တွေ၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာပါ ” ဟု တိုက်ပွဲဝင်ခဲ့ သည့် PDFရဲဘော်တစ်ဦးက MPA ကို ပြောသည်။

ယင်းစစ်ကြောင်းသည် ည ၇နာရီခန့်တွင် ရေစကြိုမြို့သို့ ဆုတ်ခွာသွားကြောင်း သိရသည်။

” ကျောက်ရစ်ရဲစခန်းက စကမတပ်သားတွေကို ရေစကြိုပြန်ပို့ပြီး ရေစကြိုကလာတဲ့သူတွေက ကျောက်ရစ်မှာကျန်ခဲ့တာ။ ညနေပိုင်း သေဆုံးတာနဲ့ ထိခိုက်ဒဏ်ရာရသူတွေက ကျောက်ရစ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေဗျ။ မှောင်လာလို့ ကျနော်တို့ဘက်က လက်နက်နဲ့ ရန်သူ့အလောင်းတွေတော့ မရရှိခဲ့ဘူး။ ပြီးတော့ ရန်သူဘက်က လက်နက်ကြီး RPG၊ စက်လက်တွေနဲ့ တောက်လျှောက်ပစ်လို့ မိမိတို့ တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့တာပါ ” ဟု ၎င်းကဆက်လက်ပြောသည်။

ကျောက်ရစ်ရဲစခန်း၌ ‌စစ်သားအင်အား ၁၅၀ နီးပါးရှိနေပြီး ယနေ့ ( ဇန်နဝါရီ ၇ရက် ) နံနက်ပိုင်းအထိ မည်သည့် စစ်ရေးလှုပ်ရှားမှုမှ မရှိသေးဘဲ ငြိမ်နေကြောင်း သိရသည်။

ဇန်နဝါရီ ၅ရက်၊ နံနက် ၁၀နာရီခွဲခန့်ကလည်း ကျောက်ရစ်ရဲစခန်းနှင့် ၆မိုင်ခန့်အကွာရှိ နဘက်ကျေးရွာကို စစ်တပ်က ဂျိုင်ရိုကော်ပတာ ၃စင်းဖြင့် ဗုံးသီး ၂လုံးကြဲချရာ ယင်းရွာနေ သားအဖနှစ်ဦးသေဆုံးခဲ့သေးသည်။

အထက်ပါတိုက်ပွဲနှင့် ပက်သက်၍ သက်ဆိုင်ရာတော်လှန်ရေးတပ်ဖွဲ့များက ယနေ့နံနက်ပိုင်းအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။