မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဥပဒေစိုးမိုးမှု ကင်းမဲ့လာခြင်းနှင့်အတူ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များသည် နည်းမျိုးစုံဖြင့် အသွင်ပြောင်းလာရာ ယခုအခါ ဆရာဝန်ယောင်ဆောင်၍ ကျန်းမာရေးအသိပညာပေးဟန်ဖြင့် ငွေလိမ်နေသည့် ကျားဖြန့်ဒေါက်တာများ ပေါ်ပေါက်လာခြင်းက ပြည်သူများအတွက် စိုးရိမ်စရာဖြစ်လာသည်။
စီးပွားရေးကျပ်တည်းမှုကြောင့် အဘက်ဘက်က နွမ်းပါးနေသည့် ပြည်သူများသည် ကျန်းမာရေးစရိတ် သက်သာလိုသည့်စိတ်ဖြင့် အွန်လိုင်းပေါ်က အယုံအကြည်မရှိဖွယ်ရာ ဆေးညွှန်းများနှင့် ဆွေးနွေးပေးဆိုသည့် ဆွဲဆောင်မှုပြောစကားများကို ယုံကြည်မိရာမှ ငွေကြေးဆုံးရှုံးမှုများ ကြုံနေရသည်။
အွန်လိုင်းမှ ဖုန်းဖြင့် ကျန်းမာရေးဆွေးနွေးပေးမည်ဟုပြောပြီး ငွေလွှဲပြီးနောက် ဆက်သွယ်၍ မရတော့သည့်အကြောင်း အလိမ်ခံရသူ မိသားစုဝင်တစ်ဦးက အခုလို ရှင်းပြသည်။
“လိမ်ခံရတာတော့အမျိုးမျိုးပဲ။ အခုက နိုင်ငံရေးက မကောင်းတော့ ဘယ်သူ့အားကိုးရမှန်းတောင်မသိတော့ဘူး။ အိမ်က အမေက နည်းပညာ မကျွမ်းတော့ သူ့ကို သတိထားနေရတယ်။ ဖုန်းသုံးတယ်ဆိုတော့ သတိထားပြီး ပြောပြနေရတယ်။ ဒါတောင် ရှေ့မှာ သူအလိမ်ခံရပြီးပါပြီ။ အဲဒီပေ့ချ်တောင် ရှာမတွေ့တော့ဘူး။ နှစ်သောင်း(ကျပ်)တော့ ပါသွားတယ်”ဟုဆိုသည်။
အဆိုပါ ငွေလိမ်ဂိုဏ်းများသည် လူမှုကွန်ရက်ပေါ်တွင် ပေ့ချ်များဖွင့်ကာ ကြည့်ရှုသူများပြားစေရန်နှင့် ဗီဒီယိုများမှတစ်ဆင့် ဝင်ငွေရရှိရန် (Monetization) ကို အဓိကထားလုပ်ဆောင်နေကြသလို ကျန်းမာရေးပြဿနာများကို ကုသပေးမည်ဟု အကြောင်းပြကာ ငွေကြေးလိမ်လည်မှုများကိုပါ တိုးချဲ့လုပ်ဆောင်လာကြခြင်းဖြစ်သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ CDM ဆရာဝန်တစ်ဦးက “ဆရာဝန်တွေဆိုတာက အွန်လိုင်းပေါ်မှာ အထောက်အထားမဲ့ သတင်းအမှားတွေကို ပေါ်ပေါ်တင်တင် ဖြန့်ဝေလေ့မရှိဘဲ သက်ဆိုင်ရာ နယ်ပယ်အလိုက်သာ ကျင့်ဝတ်နဲ့အညီ ပြောဆိုလေ့ရှိပါတယ်”ဟု အသိပေးသည်။
လက်ရှိ လိမ်လည်နေသည့် ပေ့ချ်များကို လေ့လာကြည့်ပါက တကယ့်လူပုံအစစ်အမှန်များကို မတွေ့ရဘဲ အေအိုင် နည်းပညာဖြင့် ဖန်တီးထားသည့် ဓာတ်ပုံနှင့် အသံများကို အသုံးပြုကာ လူယုံအောင် ဖန်တီးထားခြင်းသာ ဖြစ်သည်။
ငွေလိမ်ပေ့ချ်များကို စောင့်ကြည့်နေသူများ၏ အဆိုအရ Facebook ကဲ့သို့သော လူမှုကွန်ရက်များသည် ယင်းအကောင့်တုနှင့် ပေ့ချ်တုများကို ထိရောက်စွာ မထိန်းချုပ်နိုင်သေးသည့်အတွက် လိမ်လည်သူများမှာ နည်းလမ်းတစ်ခု မရပါက နောက်ထပ်နည်းလမ်းသစ်တစ်ခုဖြင့် အမြဲပုံစံပြောင်းလာဦးမည်ဟု သုံးသပ်ကြသည်။
“ပြည်သူအချင်းချင်း အသိပညာပေးတာကတော့ အထိရောက်ဆုံး ကာကွယ်နည်းဖြစ်ပါတယ်။ သံသယဖြစ်ဖွယ် ကျန်းမာရေးပေ့ချ်တွေ ဒါမှမဟုတ် တခြားအလိမ်ပေ့ချ်တွေကို ဝိုင်းဝန်း Report ထုတာ၊ အချက်အလက်စစ်ဆေးသူတွေက အတည်ပြုပေးတာ။ ဗဟုသုတရှိထားတဲ့ သူတွေက မိမိတို့ပတ်ဝန်းကျင်ရှိ မိတ်ဆွေတွေကို အွန်လိုင်းလိမ်လည်နည်းတွေအကြောင်း ဆင့်ပွားမျှဝေပေးတာတွေကို အမြဲလုပ်သင့်ပါတယ်”ဟု ငွေလိမ်ပေ့ချ်များကို စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
နိုင်ငံအတွင်း စားဝတ်နေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ယန္တရားများ ပျက်စီးနေချိန်တွင် ယခုကဲ့သို့ လူ့အသက်ကို ခုတုံးလုပ်ကာ လိမ်လည်နေသည့် လုပ်ရပ်များပေါ်ထွက်လာသည့်အတွက် အခြေခံပြည်သူများအတွက် တပူပေါ်နှစ်ပူဆင့် ဖြစ်နေရသည်ဟု သုံးသပ်မှုများ ရှိလာသည်။
