စစ်တပ်က စစ်ဘေးရှောင်စခန်းကို ဗုံးကြဲပြီး PDF စခန်းဟု သတင်းအမှားဖြန့်

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ အနီးရှိ PDF စခန်းကို သတင်းအတိအကျရ၍ ဗုံးကြဲရှင်းလင်းဆိုသည့် အကြောင်း အရာသည် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၈ ရက် နံနက် ၈ နာရီ ၃၁ မိနစ်တွင် ရွှေဘိုမြို့အနီး ပေါက် ချိုင်ရွာတွင် ရှိသော PDF စခန်းကို စစ်တပ်က ဗုံးကြဲရှင်းလင်းခဲ့ကြောင်း၊ ပြည်သူများ သေဆုံးခြင်း မဟုတ် ကြောင်း ၊ အတိအကျ သတင်းပေးသူကိုလည်း ကျေးဇူးတင်ကြောင်း ရုပ်သံမှတ်တမ်းများ၊ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခြင်းဖြစ်သည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/rFxGL

“နေပြည်တော်” တယ်လီဂရမ်ချန်နယ်ကလည်း ဇန်နဝါရီ ၈ ရက် နံနက် ၉ နာရီခွဲတွင် စစ်ရှောင်အမည်ခံ PDF များနေထိုင်သော PDF စခန်းကို သတင်းအတိအကျရမှုကြောင့် ဗုံးကြဲရှင်းလင်းခဲ့ရာ PDF အများအပြား သေဆုံးခဲ့ကြောင်း ဓာတ်ပုံများနှင့် တကွ ဖြန့်ဝေထားသည်။

မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/O44g6

အဆိုပါ အကြောင်းအရာများကို အခြား စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြ ခဲ့ကြသဖြင့် ပျံ့နှံ့မှုများပြားနေသည်။

ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ Mandalay Free Press မီဒီယာက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Mandalay Free Press တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွာဆုံးကျေးရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူ ရာနှင့်ချီ ခိုလှုံနေသည့် သရက်ခြံကို စစ်တပ်က ဇန်နဝါရီ ၆ ရက်၌ တစ်ကြိမ်၊ ဇန်နဝါရီ ၇ ရက်၌ တစ်ကြိမ် လေကြောင်းဗုံးကြဲခဲ့ရာ စစ်ရှောင်ပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း၊ စစ်ဘေးရှောင်စခန်း အကုန်လုံး နီးပါး လည်း မီးလောင်ပြာကျခဲ့ကြောင်း ဓာတ်ပုံများ၊ ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/bKDey

Google တွင် “ရွှေဘို လေကြောင်းဗုံးကြဲမှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, People’s Spring, Red Peacock” တို့တွင် သတင်းရေးထားသည်ကို တွေ့ရသည်။

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း ၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်များ နေထိုင်ရာ နေရာကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေကြောင်းဗုံးကြဲခဲ့ကြောင်း၊ အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ ကြောင်း၊ နေအိမ် ၃၀ ကျော်၊ ဆိုင်ကယ် ရှစ်စီးနှင့် ကား တစ်စီးတို့ မီးလောင်ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။

အပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/UrB1R
People’s Spring – https://bitly.cx/ygV4u
Red Peacock – https://bitly.cx/QhMU0

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ စစ်ဘေးရှောင်များ နေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးနှစ်ကြိမ် ကြဲချတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ရွှေဘိုမြို့နယ်ရှိ PDF စခန်းကို ဗုံးကြဲရှင်းလင်းရာ PDF များ သေဆုံး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။