ကုလသမဂ္ဂ အထွေထွေညီလာခံက အာဏာသိမ်းစစ်တပ်ကို အသိအမှတ်မပြုထားသလို ပြည်သူတို့၏ ထောက်ခံမှုလည်း မရှိသောကြောင့် မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၌ ပြောဆိုခွင့် မရှိကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆိုသည်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်တွင် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တာဝန်ရှိသူ Mr. Philippe Gautierထံသို့ စာပေးပို့ကာ မကြာမီ ပြုလုပ်မည့် ဂမ်ဘီယာနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကြားနာစစ်ဆေးမှုများနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားထုတ်ပြန်ချက်ကို တင်ပြခဲ့ရာ အထက်ပါအတိုင်း ဖော်ပြထားသည်။
ICJ တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုရန် လုပ်ပိုင်ခွင့်ရှိသည့် အစားထိုးကိုယ်စားလှယ် ( Additional Alternate Agent)မှာ ၎င်းသာလျှင် (သံအမတ်ကြီး ဦးကျော်မိုးထွန်း) ဖြစ်ကြောင်းနှင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ကာ တရားမဝင်စစ်အုပ်စုကို တရားရုံးတွင် ကိုယ်စားပြုခွင့်မပေးရန် နိုင်ငံတကာအသိုက်အဝန်းသို့ တိုက်တွန်းထားသည်။
ICJတွင် တရားစွဲဆိုထားမှုနှင့်ပတ်သက်ပြီး လုပ်ပိုင်ခွင့်အားလုံးသည် NUGအစိုးရနှင့်သာ သက်ဆိုင်ပြီး စစ်အုပ်စု၏ တင်ပြချက်များသည် မြန်မာပြည်သူများကို ကိုယ်စားမပြုကြောင်းလည်း ဆိုသည်။
ရိုဟင်ဂျာပြည်သူများအတွက် တရားမျှတမှုရရှိစေရေးသည် မြန်မာနိုင်ငံ၏ အနာဂတ်အတွက် အလွန်အရေးကြီးသော လုပ်ငန်းစဉ်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
NUGအစိုးရအနေဖြင့် ICJ ၏ စီရင်ပိုင်ခွင့်ကို အပြည့်အဝလက်ခံပြီး ယခင်တင်သွင်းခဲ့သော ကနဦးကန့်ကွက်လွှာအားလုံးကို ရုပ်သိမ်းထားကြောင်းနှင့်ICJ အနေနှင့် မြန်မာပြည်သူတို့၏ အသံကို နားထောင်ရန် တိုက်တွန်းထားသည်။
ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ၂၈ ရက်နေ့မှ စတင်ကာ ပြုလုပ်နေသည့် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲများသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများမဟုတ်ဘဲ စစ်အာဏာရှင်စနစ် သက်တမ်းတိုးရန် ကြိုးပမ်းမှုသာဖြစ်သောကြောင့် လုံးဝအသိအမှတ်မပြုရန် လည်းတောင်းဆိုထားသည်။
ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံအပေါ် တရားစွဲထားသည့်အမှုကို လာမည့်ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ မြန်မာက နှုတ်ဖြင့် လျှောက်လဲချက်ပေးရမှာ ဖြစ်ပြီး ၂၀၂၂ ခုနှစ်က ပြုလုပ်သည့် ဒုတိယအကြိမ် ကြားနာပွဲ၌ စစ်အုပ်စု ကိုယ်စားလှယ် တက်ရောက်ခွင့်ရခဲ့သည်။
