မဖြစ်မနေမဲထွက်ပေးရန် ရေးမြို့ခံများကို စစ်ကော်မရှင် အိမ်တိုင်ရာရောက် ဖိအားပေး၊ မဲထွက်ပေးစဉ် တိုက်ပွဲဖြစ်မည်ကို ဒေသခံတို့ စိုးရိမ်

ဓာတ်ပုံ-Greeting from Myanmar
ပုံစာ- ရေးမြို့

နက်ဖြန်ခါ ရွေးကောက်ပွဲတွင် မဖြစ်မနေ မဲသွားပေးကြရန် စစ်ကော်မရှင်အာဏာပိုင်တို့က ရေးမြို့ ပြည်သူများကို အိမ်တိုင်ရာရောက် ဖိအားပေးနေကြောင်း သိရသည်။

ဇန်နဝါရီ၁၁ရက်၊နက်ဖြန်ခါတွင် တရားမဝင်ရွေးကောက်ပွဲအပိုင်း၂အဖြစ် မွန်ပြည်နယ်၊ရေးမြို့၌ ပြုလုပ်မည်ဖြစ်ပြီး စစ်ကော်မရှင်အုပ်ချုပ်ရေးပိုင်းက ဒေသခံများ မဲပေးကြရန် ရေးမြို့ ရပ်ကွက်များ အတွင်း ညဘက် လော်စပီကာဖြင့် လိုက်အော်နေသလို နေ့ခင်းပိုင်းတွင်လည်း တစ်အိမ်တက်ဆင်း ဖိအားပေးနေကြောင်း မွန်ပြည်နယ် စစ်ကော်မရှင် အုပ်ချုပ်ရေးရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။

“အိမ်တွေထဲအထိ မနက်ဖြန်မဲပေးဖို့ပေါ့။ပါးနပ်တဲ့အုပ်ကြီးတွေက ပြေရာပြေကြောင်း ကောင်း ကောင်းမွန်မွန်နဲ့ တာဝန်ကျေပြောတယ်။တချို့အုပ်ကြီးတွေက ခပ်ထန်ထန်ပေါ့။မဲစာရင်းမကြည့်ရ သေးရင် ဘာလို့မကြည့်ရသေးတာလဲပေါ့။မနက်ဖြန်မဲပေးဖို့ လိုအပ်တာလုပ်ပေးတယ်။မဲမပေးရင် ဘာလုပ်မယ်ဆိုတာမျိုး မပြောပေမဲ့ အိမ်ထိလိုက်ပြောတာက ခြိမ်းခြောက်တာနဲ့ တူတူပဲပေါ့”ဟု ၎င်းက MPAသို့ပြောသည်။

ယင်းသို့ အိမ်တိုင်ရာရောက် ဖိအားပေးမှုကို မြို့ပေါ်အနှံ့ ပြုလုပ်သည်ဟု သိရပြီး ရေးမြို့ခံများက မဲ ပေးသည့်အချိန်တွင် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်ကာ မဲထွက်မပေးချင်ကြကြောင်း သိရသည်။

“ဝန်ထမ်းတွေလည်း မပေးချင်ဘူး။ဝန်ထမ်းကတော့ လုံးဝမပေးလို့ မရဘူး။မြို့ပေါ်မှာ ဒီရက်ပိုင်း အတွင်း လုံခြုံရေးတင်းကျပ်ထားလို့ မြို့ခံတွေက စိုးရိမ်နေကြတာလေ။ရေးဘီလူးတို့ဘာတို့ ဝင် လုပ်ရင်လည်း စစ်တပ်က ခံလိုက်ရတာချည်းပဲဆိုတော့ ကြောက်ကြတယ်”ဟု ၎င်းက ဆက်လက် ပြောသည်။

ရေးမြို့ စစ်ကော်မရှင်အုပ်ချုပ်ရေးတွင်လည်း ကြံ့ဖွံ့ပါတီဝင်များသာ လွှမ်းမိုးထားသဖြင့် မဲပေးရန် အိမ်တိုင်ရာရောက် လိုက်ပြောရင်း ကြံ့ဖွံ့ကို မဲထည့်ရန် ကျွဲကူးရေပါ စည်းရုံးပြီးသားဖြစ်နေကြောင်း လည်း ဆိုသည်။

“စစ်တပ်က စစ်တယ်၊ဆေးတယ်။မထင်ရင် ဖမ်းတယ်။အဲဒီလို အနီးကပ် ခြိမ်းခြောက်ခံနေရတာဆို တော့ ကြံ့ဖွံ့မနိုင်ရင် အမဲခံရမှာ ကြောက်နေရသေးတယ်လို့ ရေးမြို့ခံတွေကိုယ်တိုင် ပြောတာ ”ဟု ၎င်းက ဆိုသည်။

နက်ဖြန်ခါတွင် တရားမဝင် ရွေးကောက်ပွဲအပိုင်း၂အဖြစ် မွန်ပြည်နယ်အတွင်းရှိ ဘီးလင်း၊မုဒုံ၊သံဖြူဇရပ်၊ရေးနှင့် ပေါင်မြို့နယ်တို့၌ ပြုလုပ်မည်ဖြစ်ပြီး ဘီးလင်း၊သံဖြူဇရပ်နှင့်ရေးမြို့နယ်တို့တွင် တော်လှန်ရေးအင် အားစုတို့ အားကောင်းသည်။