လိုင်ဇာမြို့တွင် ဆိုင်ကယ်ခိုးယူခံရမှုများ ပိုမိုများပြားလာဟုဆို

ဓာတ်ပုံ-ပေးပို့
ပုံစာ- KIO/KIA ထိန်းချုပ်ထားသည့် လိုင်ဇာမြို့အား တွေ့ရစဥ်

ကချင်ပြည်နယ်၊ KIO/KIA ထိန်းချုပ်ရာ လိုင်ဇာမြို့၌ ၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ လက်ရှိအချိန်ထိ ဆိုင်ကယ်ခိုးယူခံရမှုများ လျော့ကျသွားခြင်းမရှိဘဲ ပိုမိုဖြစ်ပွားလာကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

၂၀၂၄ ခုနှစ်၊ မတ်လမှစ၍ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) မှ စစ်ရေးအရှိန်မြှင့်တင်ခဲ့ရာ လိုင်ဇာမြို့၌ ဌာနဆိုင်ရာများ၊ CDM များအပြင် အနီးပတ်ဝန်းကျင် မြို့နယ်များမှ ခိုလှုံလာကြသူများဖြင့် တဖြည်းဖြည်းချင်း လူနေထူထပ်လာခဲ့သည်။

“၂၀၂၃ နှစ်စလောက်ထိ သူခိုးခိုးတာတွေ၊ ဆိုင်ကယ်ပျောက်တာတွေ မကြားရဘူး။ လမ်းပေါ်မှာ ပစ္စည်းကျနေခဲ့ရင် ကျခဲ့တဲ့အတိုင်း ပြန်ရတယ်။ နောက်ပိုင်းတော့ လူနေထူထပ်လာတယ်။ မျက်နှာစိမ်းတွေလည်း များလာတယ်။ ပစ္စည်းပျောက်တာတွေ ဖြစ်လာတယ်။ အဓိက ကတော့ ဆိုင်ကယ်တွေ အခိုးခံရတာ” ဟု လိုင်ဇာမြို့တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက MPA သို့ ပြောသည်။

၂၀၂၄ ခုနှစ်၊ ဧပြီလမှစ၍ လိုင်ဇာမြို့ဝင်ပေါက် မုဂ်ဦးပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် လိုင်ဇာမြို့မှ လဂျားယန်၊ ဒေါ့ဖုန်းယန်၊ ကုန်းလော၊ မြို့သစ်နှင့် မိုးမောက်မြို့များသို့ အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင်၍ ဆိုင်ကယ်ခိုးယူသူများကို ဖမ်းဆီးရမိမှုမရှိကြောင်း သိရသည်။

“ကျတော်ဆို ၂၀၂၄၊ ဇူလိုင်လလောက်တုန်းက အခန်းရှေ့မှာ ဆိုင်ကယ်ဇက်သော့ခတ်ပြီး ထားတာ။ ညကျ ဆိုင်ကယ်ကို ကားပေါ်တင်နေတဲ့အသံတော့ကြားမိတယ်။ မနက်ကျ ဆိုင်ကယ်ကို မတွေ့တော့တာပဲ။ အခုထိလည်း အခိုးခံရတာတွေရှိနေတုန်းလို့ ကြားတယ်” ဟု လိုင်ဇာမြို့တွင် ဆိုင်ကယ်ခိုးယူခံခဲ့ရသူတစ်ဦးက ဆိုသည်။

လက်ရှိအချိန်ထိ ဆိုင်ကယ်အပါအဝင် ဆိုင်ထဲသို့ဝင်ရောက်၍ ခိုးယူမှုများနှင့် တခြားသောပစ္စည်းပျောက်ဆုံးနေမှုများအပေါ် လိုင်ဇာမြို့ဒေသခံများက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက်အရေးယူကိုင်တွယ်ပေးရန် လိုလားလျက်ရှိနေသည်။

“ဆိုင်ကယ်တွေကတော့ ပျောက်ကြတယ်။ ပစ္စည်းခိုးတဲ့လူကို ပြန်မိတယ်ဆိုတာတော့ တစ်ခါမှ မကြားမိဘူး” ဟု အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့ပြင် လိုင်ဇာမြို့အနီးတဝိုက်ရှိ မိုင်ဂျာယန်၊ လွယ်ဂျယ်နှင့် မြစ်ကြီးနားမြို့နယ်အပိုင်အတွင်းရှိ တာလောကြီးကျေးရွာတို့တွင် ငါးပစ်ဂိမ်း၊ စလော့နှင့် ကာစီနိုရုံ စသည့် လောင်းကစားရုံများ ဖွင့်လှစ်ထား၍ လုယက်မှုများ ပိုမိုများပြားလာခြင်း ဖြစ်နိုင်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။

လက်ရှိ လိုင်ဇာမြို့တွင် မြစ်ကြီးနားမြို့အပါအဝင် တိုက်ပွဲများဖြစ်ပွားနေသည့် ဗန်းမော်၊ ဝိုင်းမော်၊ ရွှေကူနှင့် ဖားကန့်မြို့အပါအဝင် စစ်ရှောင်ပြည်သူအချို့ ခိုလှုံနေထိုင်နေကြပြီး ကုန်စျေးနှုန်းနှင့် အိမ်ခန်းငှားရမ်းခစျေးနှုန်းများမှာလည်း မြင့်မားလျက်ရှိနေသည်။