ပဲခူးတိုင်း၊ထန်းတပင်မြို့ပေါ်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဗုံးကြဲခံရမှုကြောင့် ချောင်ထိုးခံထားရ သည့် ဒုခရိုင်အုပ်ချုပ်ရေးမှူးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၁၁ရက်၊နံနက်၉နာရီကျော်က ထန်းတပင်မြို့ပေါ်တွင် တရားမဝင်ရွေးကောက်ပွဲပြုလုပ် နေပြီး မြို့နယ်ထွေအုပ်ရုံး ၌ ရွေးကောက်ပွဲကိစ္စ အစည်းအဝေးလုပ်နေချိန် ဒရုန်းဗုံးတစ်လုံး ကျရောက်ခဲ့ခြင်းဖြစ်ကာ တောင်ငူခရိုင်၊ဒုခရိုင်အုပ်ချုပ်ရေးမှူး(လက်ထောက်ညွှန်မှူး)နေထွန်းသန်း ပွဲချင်းပြီး သေဆုံး၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နေထွန်းသန်း ၏ မိတ်ဆွေတစ်ဦးထံက သိရသည်။
“သူက တောင်ငူကနေ ထန်းတပင်ကို ရွေးကောက်ပွဲကိစ္စ သွားရတာ။ဌာနထဲမှာ ချောင်ထိုးခံထားရ တာဆိုတော့ မကောင်းကျောင်းပို့သဘောပါပဲ၊ထန်းတပင်လွှတ်တာက။ဒုခရိုင်အုပ်ချုပ်ရေးမှူးဆိုတာ က ခရိုင်အုပ်ကြီးရဲ့ ပေးစာကမ်းစာလောက်ရတာ။သိပ်မပြေလည်ရှာပါဘူး။ဓမ္မနဲ့ အဓမ္မ မခွဲခြားနိုင် တော့လည်း ဒါက သူလျှောက်တဲ့လမ်းပဲ”ဟု ၎င်းက MPAသို့ပြောသည်။
နေထွန်းသန်းသည် အသက်၅၅နှစ်ကျော်ရှိပြီဖြစ်ပြီး တိမွေးကုကျောင်းဆင်းတစ်ဦးဖြစ်သည်။
၎င်းသည် ၂၀၂၁ခုနှစ်၊မတ်လတွင် တောင်ငူခရိုင်၊ဒုခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် တောင်ငူမြို့သို့ ရောက် ရှိ တာဝန်ကျခြင်းဖြစ်သည်။
ရွေးကောက်ပွဲအပိုင်း၂ပြုလုပ်သည့် ဇန်နဝါရီ၁၁ရက်တွင် ပဲခူးတိုင်း၊ထန်းတပင်၊ဖြူး၊မင်းလှနှင့် ပေါင်း တည်မြို့နယ်တို့ကို PDF တို့ တိုက်ခိုက်ခဲ့သည်။
ဇန်နဝါရီ၁၁ရက်က တရားမဝင်ရွေးကောက်ပွဲအပိုင်း၂အဖြစ် ပဲခူးတိုင်းအတွင်း၌ ထန်းတပင်မြို့နယ် အပါအဝင် ၁၂မြို့နယ်တွင် ရွေးကောက်ပွဲပြုလုပ်ခဲ့သည်။
