အာဏာ ရမ္မက်ကြီးသော ကြံ့ဖွံ့ မွန်ပါတီကို အမတ်ထိုင်ခုံ ၁၇ နေရာ ပေးလိုက်ရ

ဓာတ်ပုံ - လူမှုကွန်ရက်

မွန်ပြည်နယ်အတွင်း ရာနှုန်းပြည့်နီးပါး အနိုင်ရရှိမည်ဟု မျှော်လင့်ထားသော ကြံ့ဖွံ့ပါတီက မွန်ညီညွတ်ရေးပါတီကို လွှတ်တော်အမတ်ထိုင်ခုံ ၁၇ နေရာ ပေးလိုက်ရကြောင်း သိရသည်။

မွန်ပြည်နယ် ၁၀ မြို့နယ်စလုံးတွင် တရားမဝင်ရွေးကောက်ပွဲ ပြုလုပ်ပြီးဖြစ်ရာ ကြံ့ဖွံ့က ၂၁ နေရာနှင့် မွန်ညီညွတ်ရေးပါတီက ၁၇ နေရာဖြင့် ဒုတိယအများဆုံးရရှိခဲ့ကြောင်း ပါတီများနှင့်နီးစပ်သည့် မော်လ မြိုင်မြို့ခံတစ်ဦးထံက သိရသည်။

“ကြံ့ဖွံ့က သူတို့အကုန်နိုင်မယ်လို့ ယုံကြည်ခဲ့ကြတယ်လို့ မော်လမြိုင်ကြံ့တွေကိုယ်တိုင် ပြောခဲ့တာ။ ဒေသခံတွေက ကြံ့တွေကို တော်တော်ရွံနေကြတာဆိုတော့ ပုံစံပေးလိုက်ကြတာပဲ။ မွန်ပါတီက ၂၀၁၀ ကစလို့ ဘယ်ရွေးကောက်ပွဲမှာမှ အခုလောက် မနိုင်ဖူးဘူး။ ပြည်သူတွေက ကြံ့ကိုရွံတာနဲ့ မွန်ပါတီကို မဲ ပုံပေးကြတာ။ မွန်ပါတီကို ယုံကြည်အားကိုးပြီး ပေးတာတော့ မဟုတ်ဘူး”ဟု ၎င်းက MPA သို့ပြော သည်။

တရားမဝင်ရွေးကောက်ပွဲအပိုင်းတစ်တွင် ပွင့်လင်းမြင်သာမှုမရှိသည့် သံသယဖြစ်ဖွယ်ကြိုတင်မဲများကို ကြံ့ဖွံ့က ရရှိခဲ့ကြောင်း သိရသည်။

“အောင်ကြည်သိန်း (လက်ရှိ မင်းအောင်လှိုင်ခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်) ဆိုရင် မဲရုံမဲက မွန်အမတ်လောင်းကို ရှုံးနေတယ်။ နောက်ကျပြီးမှ ရောက်လာတဲ့ ကြိုတင်မဲနဲ့ အနိုင်ရသွားတာ။ အောင်ကြည်သိန်းအတွက် မဲခိုးလို့ နိုင်သွားတာ ချောင်းဆုံသားတိုင်း သိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

မွန်ပြည်နယ် ကြံ့ဖွံ့ပါတီဥက္ကဌလည်းဖြစ်သူ အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် (မဲအများဆုံးရသူ အနိုင်ယူစနစ်-FPTP) က ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး အောင်ကြည်သိန်းရရှိသော ကြိုတင်မဲများကို ဒေသခံတို့က မယုံကြည်သော်လည်း မွန်ညီညွတ်ရေးပါတီက မကန့်ကွက်ရဲခဲ့ပေ။

“အခုမွန်ညီညွတ်ရေးပါတီမှာ ရှိနေတဲ့ လူအားလုံးက စစ်တပ်ကို မှီပြီး နိုင်ငံရေးဗန်းပြပြီး လုပ်စားမယ်ဆိုတဲ့ကောင်တွေချည်းပဲ။ ဦးကျိုးပြီးသား။ ကြံ့ဖွံ့ကို ကြောက်တယ်။အောင်ကြည်သိန်းက လက်ရှိ ဝန်ကြီးချုပ်ဆိုတော့ ကြောက်လို့မကန့်ကွက်ရဲတာ”ဟု အဝေးရောက် ချောင်းဆုံမြို့နယ်၊ သက္ကော ရွာသားက ပြောသည်။

မွန်ပြည်နယ်အတွင်း ပအိုဝ်းတိုင်းရင်းသားရေးရာနေရာတွင် ပအိုဝ်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ က အနိုင်ရခဲ့ပြီး FPTP စနစ်၌ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ရှေ့ ဆောင်ပါတီ၊အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီတို့က တစ်နေရာမျှပင် အနိုင်မရခဲ့ပေ။

သို့သော်၊ အချိုးကျကိုယ်စားပြုစနစ်အရ တစညပါတီက PR ၂နေရာ၊ ပြည်သူ့ပါတီက PR တစ်နေရာ၊ ပြည်သူ့ရှေ့ဆောင်ပါတီက PR တစ်နေရာနှင့် အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီက PR ၂ နေရာ ရရှိခဲ့သည်။

ကြံ့ဖွံ့က ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် FPTP ၃ နေရာ၊ ပြည်နယ်လွှတ်တော် FPTP ၆ နေရာ၊ဗမာတိုင်းရင်းသားတစ်နေရာနှင့် ကရင်တိုင်းရင်းသားတစ်နေရာ စုစုပေါင်း ၁၆ နေရာ အနိုင်ရခဲ့ပြီး PR ၅ နေရာ ရရှိခဲ့သည်။

မွန်ညီညွတ်ရေးပါတီမှာ ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုးသားလွှတ်တော် FPTP ၃ နေရာ၊ ပြည်နယ်လွှတ်တော် FPTP ၄ နေရာ စုစုပေါင်း ၁၂ နေရာအနိုင်ရခဲ့ပြီး PR ၅ နေရာ ရရှိခဲ့သည်။