လူနာ ၃၀ ဦးအား တမင်တကာ အဆိပ်ဖြင့် သတ်သည်ဟု စွပ်စွဲခံထားသည့် ပြင်သစ် မေ့ဆေးဆရာဝန်ကို ရုံးတင် စစ်ဆေးနေ

ဓာတ်ပုံ - AFP
ပုံစာ - စက်တင်ဘာ ၈ ရက်က တရားခွင်သို့ ရောက်ရှိလာသည့် ပြင်သစ်မေ့ဆေးဆရာဝန် ဖရက်ဒရစ် ပယ်ချီယာ

ပြင်သစ်မေ့ဆေးဆရာဝန်တစ်ဦးသည် ကလေးများနှင့် အသက် ၄ နှစ်မှ ၈၉ နှစ်ကြားရှိ လူကြီးများအပါအဝင် စုစုပေါင်း လူ ၃၀ ကို တမင်တကာ အဆိပ်ဖြင့် သတ်သည်ဟု စွပ်စွဲခံထားရပြီး ယခုအခါ ၎င်းအလုပ်လုပ်ခဲ့သည့်မြို့၌ တရားရင်ဆိုင်နေရသည်။

အသက် ၅၃ နှစ်အရွယ် ဖရက်ဒရစ် ပယ်ချီယာသည် ၂၀၀၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ပြင်သစ်နိုင်ငံအရှေ့ပိုင်းမြို့ဖြစ်သည့် ဘေဇန်ကွန်ရှိ ဆေးကုသရေးဌာနနှစ်ခုတွင် အလုပ်လုပ်ခဲ့စဉ်က လူနာများမှာ သံသယဖြစ်ဖွယ် အခြေအနေများဖြင့် နှလုံးခုန်ရပ်တန့်ခဲ့ပြီး ၁၂ ဦး သေဆုံးသွားခဲ့သည်။

ယခင်က လုပ်ဖော်ကိုင်ဖက်အချို့က ထူးချွန်သည့် မေ့ဆေးဆရာဝန် အဖြစ် သတ်မှတ်ခဲ့သည့် ပယ်ချီယာသည် ၎င်း၏ အသက်ပြန်သွင်းနိုင်သည့် ကျွမ်းကျင်မှုကို ထုတ်ပြရန်နှင့် လုပ်ဖော်ကိုင်ဖက်များကို ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် လူနာများအား နှလုံးခုန်ရပ်တန့်အောင် လုပ်ပြခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ပယ်ချီယာ ယင်းကဲ့သို့ လုပ်သည့် လူနာများတွင် အသက်အငယ်ဆုံးမှာ အသက် ၄ နှစ်အရွယ် တက်ဒီဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် လည်ချောင်းနာခွဲစိတ်မှု လုပ်စဉ် နှလုံးခုန်ရပ်တန့်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့သော်လည်း အသက်ရှင်ကျန်ရစ်ခဲ့သည်။

ပယ်ချီယာ စမ်းသပ်ခဲ့သည့် အသက်အကြီးဆုံး လူနာမှာ ၈၉ နှစ်ဖြစ်သည်။

စက်တင်ဘာ ၈ ရက် စတင်သည့် အဆိုပါ တရားခွင်သည် ဆေးဘက်ဆိုင်ရာအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့သည့် ရှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုအပြီးတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပယ်ချီယာကမူ စွဲချက်များကို ငြင်းဆိုထားသည်။

ပယ်ချီယာသည် ၎င်း၏ ခုခံချေပချက်အတွက် ခိုင်မာသည့် အကြောင်းပြချက်များရှိကြောင်း၊ အားလုံးကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ လိုအပ်ကြောင်း RTL ရုပ်သံလိုင်းသို့ ပြောကြားထားသည်။

ဒီဇင်ဘာလအထိ ကြာမြင့်မည်ဟု သတ်မှတ်ထားသည့် တရားခွင်သို့ တက်ရောက်ကြမည့် မိသားစုများ၏ ဆင်းရဲဒုက္ခနှင့်ပတ်သက်ပြီး မေးမြန်းရာတွင် ပယ်ချီယာက “ကျွန်တော် အပြည့်အဝ နားလည်ပါတယ်၊ ဒါပေမဲ့ တစ်ဖက်မှာတော့ သူတို့ရဲ့ စိတ်ဆင်းရဲမှုအတွက် ကျွန်တော် တာဝန်မရှိပါဘူး” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ပြစ်မှုထင်ရှားပါက ပယ်ချီယာသည် ထောင်ဒဏ်တစ်သက်ကျခံရမည်ဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် လူနာများနှင့် ထိတွေ့မှုမရှိဘဲ အလုပ်လုပ်ရန် ခွင့်ပြုခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှစ၍ ပယ်ချီယာသည် ဆေးကုသခြင်း မပြုလုပ်တော့ပေ။

“ကျွန်မ ဒါကို ၁၇ နှစ်ကြာ စောင့်ဆိုင်းခဲ့တာ” ဟု ၂၀၀၈ ခုနှစ်တွင် ကျောက်ကပ်ခွဲစိတ်စဉ် နှလုံးခုန်ရပ်တန့်၍ သေဆုံးခဲ့သည့် အသက် ၅၃ နှစ်အရွယ် ဖခင်၏သမီး အာမန်ဒင်း အီလန် က ပြောသည်။ ၎င်းအားခွဲစိတ်မှု စစ်ဆေးချက်အရ ပယ်ချီယာသည် Lidocain ခေါ် မေ့ဆေးတစ်မျိုး အလွန်အကျွံသုံးစွဲထားကြောင်း တွေ့ရှိရသည်။

အစိုးရရှေ့နေ အီယန် မွန်တိုး က ဤအမှုသည် “ပြင်သစ်၏ ဥပဒေရေးရာသမိုင်းတွင် မကြုံဖူးသေးသည့်” အမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

စိုးရိမ်စရာမရှိဟု သတ်မှတ်ထားသည့် လူနာများအား ခွဲစိတ်စဉ် သံသယဖြစ်ဖွယ် နှလုံးခုန်ရပ်တန့်မှုများ ဖြစ်ပွားပြီးနောက် ၂၀၁၇ ခုနှစ်တွင် စုံစမ်းစစ်ဆေးမှု စတင်ခဲ့သည်။

“သူ့ကို စွပ်စွဲထားတာကတော့ သူနဲ့ ပဋိပက္ခဖြစ်နေတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နစ်နာစေဖို့အတွက် ကျန်းမာနေတဲ့လူနာတွေကို အဆိပ်ခတ်တာပဲ” ဟု ရှေ့နေမွန်တိုးက ပြောသည်။

“နှလုံးခုန်ရပ်တန့်မှု ဖြစ်တဲ့အခါ ပထမဆုံး တုံ့ပြန်သူက ဖရက်ဒရစ် ပယ်ချီယာ ဖြစ်နေခဲ့တယ်” ဟု ၎င်းက ထပ်ပြောသည်။ “သူ့မှာ အမြဲတမ်း ဖြေရှင်းနည်းတစ်ခု ရှိနေခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ပယ်ချီယာကမူ အဆိပ်ခတ်မှုအများစုအတွက် ၎င်း၏လုပ်ဖော်ကိုင်ဖက်များ၏ “ဆေးဘက်ဆိုင်ရာ အမှားများ” ကို အပြစ်တင်ခဲ့သည်။

စုံစမ်းစစ်ဆေးမှုတစ်လျှောက်တွင် စုံစမ်းစစ်ဆေးသူများသည် လူနာများတွင် မမျှော်လင့်ဘဲ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲပြဿနာများ သို့မဟုတ် သေဆုံးမှုများအတွက် ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းဖြစ်သည့် “ပြင်းထန်သော ဆိုးကျိုးများ” နှင့်ပတ်သက်သည့် အစီရင်ခံစာ ၇၀ ကျော်ကို စစ်ဆေးခဲ့သည်။

Saint-Vincent ဆေးကုသရေးဌာနနှင့် Franche-Comté ပိုလီ ဆေးခန်းတို့တွင် ခွဲစိတ်စဉ် နှလုံးခုန်ရပ်တန့်ခဲ့သည့် လူနာ ၃၀ ဦး၏ အမှုများမှာ တရားခွင်သို့ ရောက်ရှိခဲ့သည်။

ပယ်ချီယာ၏ ရှေ့နေအဖွဲ့ကမူ တရားသေလွှတ်ပေးရန် လျှောက်လဲမည်ဖြစ်သည်။ “လူတွေကို စွပ်စွဲဖို့က အရမ်းလွယ်တယ်၊ သက်သေပြဖို့က ပိုခက်တယ်” ဟု ၎င်း၏ ရှေ့နေတစ်ဦးဖြစ်သူ ရွန်ဒဲလ် ရှဗာဒါဖာက သတင်းထောက်များကို ပြောသည်။

တရားခွင်သို့ အရပ်သားအမှုသည် ၁၅၀ ကျော် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။