ထိုင်းရောက်မြန်မာများ အိမ်ရှင်နှင့် သဟဇာတဖြစ်စွာ နေထိုင်ရန် NUG ပန်ကြား

ဓာတ်ပုံ - လူမှုကွန်ရက်

ထိုင်းနိုင်ငံရောက် မြန်မာများအနေနှင့် အိမ်ရှင်လူမှုအသိုင်းအဝိုင်း၏ တန်ဖိုးထားမှု၊ လူနေမှုပုံစံများနှင့်အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေနေထိုင်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရ NUG က ပန်ကြားလိုက်သည်။

ထိုင်းနိုင်ငံအတွင်း မကြာသေးမီရက်ပိုင်းက မြန်မာများပါဝင်သည့် ရန်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် NUG အစိုးရက ယနေ့(ဇန်နဝါရီ၁၄ရက်)တွင် “ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများသို့ အသိပေးပန်ကြား ချက်” ထုတ်ပြန်ခဲ့ရာ အထက်ပါအတိုင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ကိစ္စရပ်များ တွင် ပါဝင် ပတ်သက်ခြင်း မပြုကြရန်၊တရားဥပဒေနှင့်မညီသည့် မည်သည့်ကိစ္စရပ်များတွင်မျှ ပါဝင် ပတ်သက်ခြင်း မပြုကြရန်နှင့် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဒေသန္တရစည်းကမ်းများကို လေးစားလိုက်နာရန်လည်း NUGအစိုးရက ပန်ကြားသည်။

“မြန်မာနိုင်ငံရဲ့ အခုလို အရေးပေါ်ကာလမှာ မြန်မာတွေကို လက်ခံထားပေးတဲ့ ထိုင်းနိုင်ငံကို အမှန် တကယ်ကျေးဇူးရပါမယ်။အိမ်ရှင်တွေ စိတ်အနှောက်အယှက်ဖြစ်စေမယ့်ကိစ္စရပ်တိုင်းကို ကျနော်တို့ မြန်မာတွေ ရှောင်ရှားကြဖို့လိုပါမယ်။ထိုင်းရောက်လာတဲ့ မြန်မာတချို့ရဲ့ ပြဿနာက ဒီမှာနေတာ နည်းနည်းကြာလာတော့ ကိုယ့်ကိုယ်ကိုယ် ဘာလဲဆိုတာ မေ့သွားကြတာပဲ”ဟု မဲဆောက်အခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံစွန့်ခွာထွက်ပြေးကာ ခိုလှုံနေထိုင်နေကြရသော မြန်မာနိုင်ငံသား များအား ကာကွယ်စောင့်ရှောက် လက်ခံပေးထားသည့် ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနှင့် ထိုင်းပြည်သူလူထုကို အထူး ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာနိုင်ငံသားများအား လူသားချင်းစာနာ ထောက်ထားလျက် ဆက်လက်၍ ကူညီစောင့်ရှောက်ပေးရန် မေတ္တာရပ်ခံကြောင်း NUGအစိုးရက ထုတ်ပြန်ထားသေးသည်။

“NUGအစိုးရအနေနဲ့ ထိုင်းမှာ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရတဲ့လူငယ်တွေကို ထိုင်းအစိုးရ က စစ်တပ်လက်ထဲ ပြန်မလွှဲဖို့ကိုလည်း ထိုင်းအစိုးရနဲ့ရော အာဆီယံလမ်းကြောင်းကနေပါ အရေးတ ကြီး ညှိနှိုင်းအဖြေရှာသင့်တယ်။ဘာလို့လဲဆိုတော့ စစ်တပ်လက် ပြန်လွှဲခံရတဲ့လူငယ်တွေက စစ်မှု ထမ်းထဲရောက်ကုန်နေလို့ပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ၊စမွန်ပရာကန်ခရိုင်အတွင်း ထိုင်းနိုင်ငံသားနှင့် မြန်မာစားသောက် ဆိုင်ဝန်ထမ်းအချို့၏ ရန်ပွဲရုပ်သံသည် အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ကာ ထိုင်းအမျိုးသားရေးလှုပ်ရှားသူအ ချို့ပါ ပါဝင်ပတ်သက်လာခဲ့သည်။