ဂျပန်နိုင်ငံ၊ အီဘာရာကီခရိုင်အတွင်း အသက် ၂ နှစ်အရွယ် သားငယ်ဖြစ်သူ အဝတ်လျှော်စက်အတွင်း ပြုတ်ကျပြီး အသက်ရှူကျပ် သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ အသက် ၃၁ နှစ်အရွယ် ဖခင်ဖြစ်သူအား ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။
ယူကီ ယာမာဂူချီဆိုသူ အမျိုးသားသည် ၂၀၂၅ ခုနှစ်၊ ဧပြီလက ကာဆူမိဂါအူရာမြို့ရှိ ၎င်း၏ နေအိမ်တိုက်ခန်း၌ သားဖြစ်သူ အိုအိ မှာ အဝတ်လျှော်စက်အတွင်းသို့ ပြုတ်ကျသွားသည်ကို သိရှိသော်လည်း ကယ်ဆယ်ရန် ပျက်ကွက်ခဲ့ပြီး ပစ်ထားခဲ့သည့်အတွက် ကလေးငယ်မှာ အသက်ရှူကျပ်၍ သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု စွပ်စွဲခံထားရသည်။
တိုကျိုမြို့မြောက်ဘက် ဆူချီအူရာမြို့တွင် နေ့စားအလုပ်သမားအဖြစ် လုပ်ကိုင်နေသည့် ယာမာဂူချီက “ကျွန်တော် သူ့ကို မကယ်ဘဲ အဲဒီအတိုင်း ပစ်ထားခဲ့မိတာပါ” ဟု ဝန်ခံထွက်ဆိုထားကြောင်း အီဘာရာကီခရိုင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ ယာမာဂူချီသည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ည ၁၀ နာရီ ၂၀ မိနစ်ခန့်အထိ သားဖြစ်သူအား အဝတ်လျှော်စက်အတွင်း ၁၂ နာရီနီးပါးကြာအောင် ပစ်ထားခဲ့သည်ဟု ယူဆထားသည်။
ယာမာဂူချီသည် ထိုနေ့ ည ၁၀ နာရီ ၂၉ မိနစ်ခန့်တွင်မှ သားဖြစ်သူ အသက်မရှူတော့ကြောင်း အရေးပေါ်ဖုန်းခေါ်ဆို၍ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။
