လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်က ရည်ရွယ်ချက်ရှိရှိ ရေမြှုပ်ပစ်ခဲ့ခြင်းကြောင့် ရေအောက်တွင် ပျောက်ကွယ်နေခဲ့သည့် စွန့်ပစ်ကျေးရွာဟောင်းတစ်ခုသည် ယခုအခါ ရေမျက်နှာပြင် ကျဆင်းသည့် အချိန်များတွင် ထူးခြားစွာ ပြန်လည်ပေါ်ထွန်းလာတတ်သည်။
ဒါဝင့်အမည်ရှိ အဆိုပါကျေးရွာသည် ရှေးယခင်က ဒါဘီရှိုင်းယားပြည်နယ်၊ Peak District ဒေသ၏ အလယ်ဗဟိုတွင် တည်ရှိခဲ့သည့် စည်ကားသော ကျေးရွာတစ်ရွာ ဖြစ်ခဲ့သည်။
အင်္ဂလန်နိုင်ငံ အလယ်ပိုင်းရှိ မြို့ကြီးများသို့ ရေပေးဝေနိုင်ရန်အတွက် အဆိုပါ ချိုင့်ဝှမ်းဒေသအား ဆည်အဖြစ် ပြောင်းလဲရန် စီမံကိန်း ပေါ်ပေါက်လာခဲ့ပြီး ဒေသခံများက မိမိတို့၏ နေအိမ်များမှ ဖယ်ရှားခံရမည့်အရေးကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် အနီးနားရှိ Yorkshire Bridge ရပ်ကွက်သို့ ပြောင်းရွှေ့ခဲ့ကြရသည်။
ဒုတိယကမ္ဘာစစ် မပြီးဆုံးမီ နှစ်နှစ်အလို ၁၉၄၃ ခုနှစ်တွင် ဒါဝင့်ကျေးရွာအား ကြီးမားသော ဆည်တစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်ခဲ့ကြောင်း Yorkshire Live သတင်းဌာနက ဖော်ပြထားပါသည်။
အဆိုပါရွာတွင် ရှုခင်းသာသော လမ်းမများတစ်လျှောက် ထုံးကျောက်များဖြင့် ဆောက်လုပ်ထားသည့် ကျေးလက်အိမ်ခြေများနှင့် လှပသော တောင်ကုန်းတောင်တန်း ရှုခင်းများ တည်ရှိခဲ့သည်။
သေးငယ်သော်လည်း အဆိုပါရွာတွင် စာသင်ကျောင်း၊ ဘုရားကျောင်း၊ စာတိုက်နှင့် ကြီးမားသော စံအိမ်တော်ကြီးများအပြင် ဥယျာဉ်များနှင့် ငါးကန်များအထိ ပြည့်စုံစွာ ရှိနေခဲ့ခြင်းကြောင့် ဒေသခံများမှာ အခြားဒေသများသို့ သွားလာရန် မလိုအပ်ဘဲ ကောင်းမွန်စွာ နေထိုင်နိုင်ခဲ့ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ မိုးရေနှင့် တောင်ကျရေများကြောင့် ချိုင့်ဝှမ်းအတွင်း ရေပြည့်လျှံလာကာ ဒါဝင့်ကျေးရွာမှာ ရေအောက်သို့ တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်သွားခဲ့ သည်။
ထိုနေရာအား Ladybower Reservoir (ရေလှောင်ကန်) ဟု လူသိများလာခဲ့ပြီး စည်ကားခဲ့သော ကျေးရွာမှာ ပြာလွင်သည့် ရေပြင်အောက်တွင် နစ်မြုပ်ခဲ့ရသည်။
အဆိုပါ ရေလှောင်ကန်သည် ရေပမာဏ မီဂါလီတာပေါင်း ၂၇,၈၆၉ ကျော်ကို သိုလှောင်ထားနိုင်ပြီး ဒါဘီ၊ ရှက်ဖီးနှင့် နော့တင်ဂမ် မြို့ကြီးများသို့ ရေပေးဝေလျက်ရှိပါသည်။
၂၀၁၈ ခုနှစ်တွင် အလွန်အမင်း ခြောက်သွေ့ပူပြင်းသော နွေရာသီကြောင့် ရေမျက်နှာပြင်မှာ သိသိသာသာ ကျဆင်းသွားခဲ့ရာ ဒါဝင့်ကျေးရွာဟောင်းမှာ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ထိုသို့ ရေလှောင်ကန် ခမ်းခြောက်သွားသည့်အချိန်တွင် ရှေးဟောင်းဘုရားကျောင်း၏ အကြွင်းအကျန်များ၊ နေအိမ်များ၏ တံခါးပေါက်များနှင့် နံရံများကို တွေ့ရှိခဲ့ကြရသည်။ ပျက်စီးနေသော အဆောက်အအုံများအတွင်း ကျောက်သားမီးဖိုများ၊ ကလေးများ ကျောင်းသွားရာတွင် အသုံးပြုခဲ့သည့် လမ်းဟောင်းများနှင့် တံတားအပျက်အစီးများကိုလည်း တွေ့မြင်ခဲ့ကြရသည်။
၂၀၁၉ ခုနှစ်တွင် ဘီဘီစီ သတင်းဌာနနှင့် အင်တာဗျူးခဲ့သည့် အသက် ၉၂ နှစ်အရွယ် ရွာသူဟောင်းတစ်ဦးဖြစ်သူ မေဘယ်လ် ဘန်ဖို့ဒ် က သူမအနေဖြင့် ဆည်တည်ဆောက်နေသည့် ကာလအတွင်း ကျောင်းတက်ခဲ့ရသည့် အမှတ်တရများကို ပြောပြခဲ့ သည်။
၂၀၂၂ ခုနှစ်နှင့် ၂၀၂၅ ခုနှစ်များတွင်လည်း ရာသီဥတု ခြောက်သွေ့မှုကြောင့် ရေမျက်နှာပြင် ထပ်မံကျဆင်းခဲ့ရာ ရထားလမ်းဟောင်းနှင့် ဘုရားကျောင်း၏ အကြွင်းအကျန်များမှာ ရေပြင်ပေါ်သို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းက လာရောက်လည်ပတ်သူများသည် Derwent Hall စံအိမ်တော်၏ အစိတ်အပိုင်းများကို တွေ့မြင်ခဲ့ကြရပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြန်လည်နစ်မြုပ်သွားခဲ့ပြန်သည်။
