ပုလဲ NUG အခွန်ဂိတ်ကို ဗိုလ်နဂါးတပ် ဝင်စီး၊ ရဲဘော် ၃ ဦးကို ဖမ်းဆီးပြီး လက်နက်နှင့် ငွေများပါ သိမ်းဆည်းသွား

ဓာတ်ပုံ - BNRA

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ ပန်းရွာ NUG အခွန်ဂိတ်ကို ဗိုလ်နဂါးတပ် BNRA က ဝင်ရောက် စီးနင်းခဲ့ပြီး ရဲဘော် ၃ ဦးအား ဖမ်းဆီးကာ လက်နက်နှင့်‌ ငွေများလည်း သိမ်းဆည်းသွားကြောင်း သိရသည်။

ယနေ့(ဇန်နဝါရီ ၁၇ ရက်) နေ့ခင်း ၁၁ နာရီခွဲဝန်းကျင်တွင် ပန်းရွာလမ်းဆုံရှိ NUG အခွန်တော်ဂိတ်ကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)က ဝင်ရောက် စီးနင်းကာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ယင်းဂိတ်မှ ပလဖ အဖွဲ့ဝင် တစ်ဦးနှင့် အခွန်ဘဏ္ဍာကိုင်သည့် ရဲဘော် ၂ ဦးအား ဖမ်းဆီးသွားကြောင်း ယင်းမာပင်ခရိုင် ပကဖထံက သိရသည်။

“လက်ရှိကတော့ ဖမ်းတဲ့သူတွေကို ဘယ်ခေါ်သွားမှန်းတော့ မသိရသေးဘူး။ ဒါကိုတော့ ဒီ ခရိုင် ပကဖအနေနဲ့ကတော့ အပူတပြင်း ဖြေရှင်းဆောင်ရွက်ဖို့လုပ်နေပါတယ်ဗျ။ဖမ်းခံရတာက ပလဖ တာဝန်ခံတစ်ယောက်ရယ်၊ ပြီးတော့ ဂိတ်က အခွန် ဘဏ္ဍာကိုင်တဲ့ ရဲဘော် ၂ ယောက်ရယ်။ပြီးတော့ အဲဒီ့နားမှာက ပုလဲမြို့နယ် ပအဖ တာဝန်ခံ ကိုဇော်ထက်က ရှိသေးတယ်။ ကိုဇော်ထက်ရယ် ရဲဘော်တစ်ဦးရယ်ရှိတာ။ အဲဒီအချိန်မှာ လာဖမ်းတဲ့ BNRA ကရဲဘော်တွေက မူးနေတော့ကျတော့ ကိုဇော်ထက်တို့က နောက်ကနေ ဆိုင်ကယ်နဲ့လိုက်ခဲ့မယ် ဆိုပြီးတော့ အဲဒီလိုပြောပြီးတော့မှ နောက်ကနေ ခပ်လှမ်းလှမ်းချန်ခဲ့ပြီးတော့မှ ပြန်ကွေ့ပြီး ပြန်ပြေးတာ။ ပြန်ပြေးတဲ့အချိန်မှာ BNRA ရဲဘော်က မူးမူးနဲ့ သေနတ်နဲ့အတွဲလိုက် လှမ်းပစ်တာ။ လှမ်းပစ်တဲ့အချိန်မှာ ကိုဇော်ထက်နဲ့တူတူပါတဲ့ ဆိုင်ကယ်စီးနေတဲ့ ရဲဘော်က ခြေထောက်ကို ဟိုဘက်ဒီဘက် ထုတ်ချင်းပေါက်ပြီး သေနတ်မှန်သွားတယ်။ ကိုဇော်ထက်ကတော့ ထိမှန်ခြင်းမရှိဘူး။ ဒါ သက်သက်မဲ့ သေစေနိုင်တဲ့ ပစ်မှတ်နဲ့ သေချာချိန်ရွယ် ပစ်ခတ်တာဖြစ်တဲ့အတွက် BNRA အနေနဲ့ကတော့ တော်တော်ကြီးကို ရုပ်ပျက်ပါတယ်”ဟု ယင်းမာပင်ခရိုင် ပကဖ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။

BNRA ရဲဘော်များသည် ဂိတ်ရှိ သေနတ် အတို ၂ လက် ၊ အရှည် ၃ လက် ၊ ငွေသားများနှင့် ချလန်စာအုပ်ကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။

ပန်းရွာ လမ်းဆုံရှိ NUG အခွန်ဂိတ်ကို ဝင်ရောက်စီးနင်းခံရသည့်အချိန်တွင် BNRA ရဲဘော်များက ပန်းရွာ-နွယ်ရှောက်လမ်းမတစ်ကြောအား ပိတ်ထားခဲ့ကြောင်းနှင့် ပန်းရွာ-နွယ်ရှောက်လမ်းမပေါ်၌ မင်းတိုင်ပင်ရှိ စစ်တပ်စစ်ကြောင်းကြောင့် စစ်ရှောင်နေရသည့် ပြည်သူများ ယာယီတဲထိုးကာနေထိုင်လျက်ရှိပြီး ယခုဖြစ်စဉ်ကြောင့် ယင်းစစ်ရှောင်များပါ ထပ်မံ စစ်ရှောင်နေရကြောင်း ပုလဲစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“အဲဒီလမ်းပေါ်က စစ်ရှောင်တွေက အခုထပ်ပြီးတော့ ပြေးရပြန်ပြီ။ တစ်နေရာရွှေ့ရပြန်ပြီ။ အဲဒီလိုတွေဖြစ်နေတာ။ ပန်းရွာထဲက ပြည်သူတွေလည်း ရှောင်တဲ့သူက ရှောင်နေကြပြီ”ဟု ၎င်းက ပြောသည်။

ယင်းပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ BNRA ဖေ့စ်ဘွတ်ခ်ပေ့ချ်ထံသို့ စာပို့မေးမြန်းထားသော်လည်း ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

ဇန်နဝါရီ ၈ ရက်တွင် BNRA တပ်၏ အခွန်ဂိတ်များကို NUG လက်အောက်ခံ ခရိုင်တပ်ရင်းက ဝင်ရောက်စီးနင်း ပိတ်သိမ်းခဲ့သေးသည်။

BNRA ဘက်ကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အဆင့်ဆင့်လျှို့ဝှက်ညွှန်ကြားမှုများဖြင့် BNRA တပ်ကို တိုက်ခိုက်ရန် တပ်အင်အားများ ပြင်ဆင်စုစည်းနေကြောင်း အတိအကျ သတင်းရရှိထားသည်ဟု ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်ထားသေးသည်။