ကရင်နီပြည်တွင် အကျဉ်းသား ၈၀ ဦး ထွက်ပြေး သေနတ် ၉ လက်ပါသွား

ဓာတ်ပုံ - MPA

ကရင်နီပြည်နယ်အတွင်းရှိ အကျဉ်းထောင်တစ်ခုတွင် အကျဉ်းသား ၈၀ ဦးခန့် လက်နက်များယူဆောင်ကာ ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ပြီး၊ အဆိုပါဖြစ်စဉ်တွင် ဝန်ထမ်းများ သတ်ဖြတ်ခံရသည်ဆိုသည့် သတင်းများမှာ မဟုတ်မှန်ကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က တရားဝင် ထုတ်ပြန်လိုက်သည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်၊ နံနက် ၁ နာရီအချိန်ခန့်တွင် အကျဉ်းသား ၈၀ ဦးခန့်သည် လက်နက်ငယ် ၉ လက်ကို ယူဆောင်ကာ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း IEC ပြည်ထဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ထောင်ဝန်ထမ်းများ သတ်ဖြတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခေါ်ဆောင်ခံရခြင်းများ ရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းမှာ ကောလဟလများသာဖြစ်ပြီး မှန်ကန်မှုမရှိကြောင်း IEC က အတည်ပြု ရှင်းလင်းထားသည်။

ထွက်ပြေးသွားသည့် အကျဉ်းသားများကို ပြန်လည်ဖမ်းဆီးနိုင်ရေးနှင့် အခြေအနေများကို ထိန်းချုပ်နိုင်ရန်အတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်နီပြည်ရဲဌာန (KSP)နှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများကြောင့် မိဘပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မရှိကြရန် IEC က မေတ္တာရပ်ခံထားပြီး လက်ရှိတွင် အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သော လုံခြုံရေးအစီအမံများကို တိုးမြှင့်ချမှတ်ထားကာ ဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။