မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်တွင် အတုအယောင်ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် အင်အား ဖြည့်တင်းရန်လာသည့် စစ်တပ်ကို PDFတို့ တိုက်ခိုက်ခဲ့ရာ ဒဏ်ရာရသူများကြောင်း သိရသည်။
တောင်သာမြို့ပေါ်သို့ အင်အားဖြည့်တင်းရန် ကျောက်ပန်းတောင်းမြို့နယ်မှထွက်လာသော အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကြောင်းကို တောင်သာမြို့နယ်၊ ပဒပ်စာကုန်းရွာအနီး၌ ဇန်နဝါရီ ၁၈ရက်၊ နံနက် ၈နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၃တပ်ရင်းက သတင်းထုတ်ပြန်သည်။
” တိုက်ပွဲဖြစ်ချိန် ၃နာရီလောက်ကြာတယ်။ ဒဏ်ရာရတာ တော်တော်များတယ်လို့တော့ သိရတယ် ဗျ။ ဒါပေမဲ့၊ သေဆုံးတာကကျတော့ စုံစမ်းလို့မရသေးဘူးဗျ” ဟု မြင်းခြံခရိုင်အမှတ် ၃တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစစ်ကြောင်းမှ အင်အားတချို့ မြို့ထဲသို့ဝင်သွားပြီး ဒဏ်ရာရသူများကို မြို့နှင့်ကပ်လျက်ရှိ ကန်သာယာရွာ၌ ဆေးကုပေးနေကြောင်းသိရသည်။
တိုက်ပွဲဖြစ်ပွားနေစဉ် ထနောင်းကုန်းပျူရွာမှထွက်လာသည့် စစ်ကူစစ်ကြောင်းကိုလည်း PDF တို့တိုက်ခိုက်ခဲ့ရာ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရသည်။
ဇန်နဝါရီ ၂၅ရက်တွင် ပြုလုပ်မည့် အတုယောင်ရွေးကောက်ပွဲ အပိုင်း ၃တွင် တောင်သာမြို့နယ်လည်းပါဝင်သဖြင့် ယခုလို စစ်အင်အားဖြည့်တင်းနေခြင်းဖြစ်ကြောင်းသိရသည်။
” လုံခြုံရေးအတွက် အင်အားတွေလာတယ်ပေါ့။ ပြီးကျလို့ရှိရင် မလှိုင်ဘက်မှာလည်း စစ်ကြောင်းတွေ ပြင်ထားတယ်ပေါ့။ အဲ့မှာလည်း အင်အားတွေစုနေတယ်လို့ကြားရတယ်။ သူကကျ မိတ္ထီလာဘက် ကလာတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၃တပ်ရင်းနှင့် တောင်သာမြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များအထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
