ICJ တွင် အိပ်ငိုက်ခဲ့သည့် ဒေါ်သီတာဦးကို တပ်လော်ဘီများ ချီးမွမ်းနေ

ဓာတ်ပုံ - လူမှုကွန်ရက်

နိုင်ငံတကာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြု အမှုရင်ဆိုင်နေသည့်အဖွဲ့တွင် ပါဝင်သော စစ်ကော်မရှင် လက်အောက်ခံ ရှေ့နေချုပ်ဖြစ်သူ ဒေါက်တာ ဒေါ်သီတာဦးအား စစ်တပ်လော်ဘီများက လူမှုကွန်ရက်ပေါ်တွင် ဝိုင်းဝန်းချီးမွမ်း ရေးသားနေကြသည်ကို တွေ့ရသည်။

လော်ဘီများ၏ ရေးသားချက်အရ ဒေါ်သီတာဦးသည် အေးဂျင့်ဖြစ်သူ ဦးကိုကိုလှိုင်အား ဥပဒေပိုင်းဆိုင်ရာ တိကျခိုင်မာသည့် အကြံပြုချက်များကို နောက်ကွယ်မှ ပေးနေသူတစ်ဦးဖြစ်သည်ဟု ဆိုထားသည်။

ဥပဒေပိုင်းဆိုင်ရာ ပရိယာယ်များတွင် ဒေါ်သီတာဦးသည် အကွက်ရွှေ့ ကစားနိုင်သူဖြစ်ပြီး အတွေ့အကြုံရှိသူပီပီ ခေါင်းဆောင်ဖြစ်သူကို ဥပဒေရှုထောင့်မှ ခိုင်မာသည့် အချက်အလက်များ ထောက်ပံ့ပေးနေသူအဖြစ် စစ်တပ်လော်ဘီများက ရေးသားထားကြသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “ကမ္ဘာ့အဆင့် တရားရုံးမှာ နိုင်ငံကိုယ်စားပြုပြီး သွားရောက်ရင်ဆိုင်တဲ့သူတစ်ယောက်က တရားခွင်ထဲမှာ ဗြောင်ကျကျ အိပ်ငိုက်ပြနေတာဟာ တာဝန်ယူမှု ကင်းမဲ့တာတင်မကဘဲ တစ်နိုင်ငံလုံးကို အရှက်ခွဲလိုက်တာပါပဲ။ ဒါကို လော်ဘီတွေက ဘယ်လောက်ပဲ ကာကွယ်ပေးပါစေ၊ ရုပ်သံမှတ်တမ်းတွေက အမှန်တရားကို သက်သေပြနေပါတယ်” ဟု ဝေဖန်ခဲ့သည်။

ထို့အပြင် ဒေါ်သီတာဦးအား စိတ်ဓာတ်မာကြောပြီး ယုံကြည်ချက် ခိုင်မာသူတစ်ဦးအဖြစ်လည်းကောင်း၊ အလုပ်အပေါ် ကျရာကဏ္ဍမှ အကောင်းဆုံး ဆောင်ရွက်နေသူအဖြစ်လည်းကောင်း လော်ဘီများက မွမ်းမံရေးသားထားသည်။

သို့သော် လက်တွေ့တွင်မူ ဒေါ်သီတာဦးသည် ICJ တရားခွင်အတွင်း ဂမ်ဘီယာနိုင်ငံ၏ လျှောက်လဲချက်များကို နားထောင်နေစဉ် အိပ်ငိုက်နေသည့် ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများကြောင့် နိုင်ငံတကာတွင် ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရသူ ဖြစ်သည်။

ထိုသို့ တရားခွင်အတွင်း အိပ်ငိုက်နေသည့် ဖြစ်စဉ်ကို လော်ဘီများကမူ ဂမ်ဘီယာနှင့် ပြည်ဖျက်အသိုင်းအဝိုင်းက AI နည်းပညာသုံးကာ အိပ်နေသည်ဟု ဖန်တီး၍ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ပြန်လည်ခုခံ ရေးသားထားသည်ကို တွေ့ရသည်။

“ဒါပေမဲ့ တကယ်တမ်းမှာတော့ သူအိပ်ငိုက်နေတဲ့ မြင်ကွင်းဟာ တရားရုံးကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ (Live) ဗီဒီယိုတွေထဲမှာ အထင်အရှားကြီး ပါနေခဲ့တာပါ။ ဒါကြောင့် ဒါဟာ AI သုံးပြီး တမင်လုပ်ကြံဖန်တီးထားတာပါဆိုတဲ့ လော်ဘီတွေရဲ့ ပြောကြားချက်ဟာ ဘယ်လိုမှ ခိုင်လုံမှုမရှိဘူး” ဟု နည်းပညာ ပညာရှင်တစ်ဦးက ထောက်ပြသည်။

ဒေါ်သီတာဦးအား ဂမ်ဘီယာနိုင်ငံက ငှားရမ်းထားသည့် နာမည်ကျော် ရှေ့နေကြီးများ၏ “အစွယ်ကို ရိုက်ချိုးမည့်သူ” အဖြစ် လော်ဘီများက ခိုင်းနှိုင်းထားသော်လည်း လက်တွေ့တွင်မူ ဥပဒေပိုင်းဆိုင်ရာ ချေပမှုများမှာ အားနည်းချက်ရှိနေသည်ဟု ဥပဒေပညာရှင်အချို့က ယူဆကြသည်။

“တရားခွင်မှာ အိပ်ငိုက်တယ်ဆိုတာက အမူအရာပေါ့ပျက်ပျက်နိုင်တဲ့သူတွေရဲ့ အမူအကျင့်ဖြစ်တယ်။ လော်ဘီတွေက အခုလို ရဲရဲတောက် မွမ်းမံနေတာက အနှစ်သာရမရှိတဲ့ ဝါဒဖြန့်မှုဘဲလေ”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

ဒေါ်သီတာဦးသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကော်မရှင်၏ ဥပဒေပိုင်းဆိုင်ရာ ယန္တရားများကို ဦးဆောင်နေသူတစ်ဦး ဖြစ်ပြီး နိုင်ငံတကာ ပိတ်ဆို့မှုအချို့ကိုလည်း ခံထားရသူ ဖြစ်သည်။

ယခုအခါ ICJ ကဲ့သို့ ကမ္ဘာ့အဆင့် တရားခွင်တွင် မြန်မာ့ကိုယ်စားလှယ်အဖြစ် ပါဝင်နေသော်လည်း သူမ၏ ပုံရိပ်မှာ ဂုဏ်ယူဖွယ်ရာထက် ဟာသလုပ်စရာ တစ်ခုအဖြစ် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေဆဲ ဖြစ်သည်။